သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာမှ စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်သွားသဖြင့် နယ်မြေရှင်းလင်းရေး လုပ်ရာတွင် အသတ်ခံထားရသည့် ဒေသခံ ၇ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း သိရသည်။
စစ်အာဏာရှင်တပ် ဆုတ်ခွာသွားပြီးနောက် မတ်လ ၁၃ ရက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်၌ အသတ်ခံထားရသည့် အရပ်သားအလောင်း ၇ လောင်း တွေ့ရှိခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ် ထံမှသိရသည်။
“ဂုံညှင်းဆိပ်ရွာ ညောင်ပင်ရှိန်ဘုန်းကြီးကျောင်းမှာ နယ်မြေရှင်းရင်း တွေ့တယ်လို့ သတင်းရရှိထားပါတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံများနှင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သဖြင့် သေဆုံးမှုအခြေအနေ အသေးစိတ်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အာဏာရှင်တပ်က ယနေ့ (မတ် ၁၄) ညနေပိုင်းတွင်လည်း ယင်းဂုံညှင်းဆိပ်ရွာသို့ ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်မှ ၄၇ မိနစ်အထိ Y-12 လေယာဉ်ဖြင့် ဆီတောရွာနှင့်ဂုံညှင်းဆိပ်ရွာကြားသို့ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ကနက်သီရိရွာအနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့ထံမှသိရသည်။
“ဒီနေ့ ရွာကို ဗုံးအလုံးငါးဆယ်လောက် ပတ်ကြဲတယ်လို့ ပြောတယ်၊ ကျွန်တော့်အမေက ခါးမှာထိတယ်။ အသက် ၉ နှစ်အရွယ် ကျွန်တော့်ညီအငယ်ဆုံးက ခေါင်းမှာထိထားတယ်၊ ကျွန်တော့်အဒေါ်လည်း ဦးခေါင်းမှာထိတယ်။ လမ်းအခြေအနေကြောင့် ထားဝယ်ဆေးရုံကို ပို့ဆောင်ချိန် (အဒေါ်က) လမ်းမှာတင် ဆုံးသွားတယ်” ဟု ဂုံညှင်းဆိပ်ရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
ဝင်းဝစခန်း တိုက်ခိုက်ခံနေရစဉ်အတွင်း စစ်အာဏာရှင်တပ်က စစ်ကူစစ်ကြောင်း ၃ ကြောင်း စေလွှတ်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ရင်းမှူး စောမှူးဂေက ပြောသည်။
ယင်းတို့ထဲမှ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းမှာ မတ်လ ၁၀ ရက်တွင် ချောင်းဝပြင်ရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ယင်းနေ့ညနေ ၅ နာရီခွဲတွင် ဂုံညှင်းဆိပ်ရွာဘက်သို့ ရောက်ရှိလာသည်ဟု ဂုံညှင်းဆိပ်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် စစ်အာဏာရှင်တပ်စစ်ကြောင်းလာသည်ကို မသိရှိဘဲ ကြိုတင်ရှောင်တိမ်းချိန်မရလိုက်သောကြောင့် ကလေး၊ လူကြီး စုစုပေါင်း ၁၅ ဦးခန့်ကို ကျေးရွာစာကြည့်တိုက်တွင် လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။
ဂုံညှင်းဆိပ်ရွာလှေဆိပ်မှတစ်ဆင့်ထားဝယ်မြစ်ကြောင်းအတိုင်း လှေဖြင့် ဆုတ်ခွာထွက်ပြေးရန် စီစဉ်ထားသည့် အဆိုပါစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ မတ် ၁၁၊ ၁၂ ရက်များတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်ဟု အထက်ပါဒေသခံက ဆိုသည်။
မတ်လ ၁၃ ရက်တွင်မူ စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ရေလမ်းမှပြန်လည်ဆုတ်ခွာသွားသည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖုန်းလိုင်းပြတ်တောက်နေခြင်း၊ စစ်ဘေးဒဏ်ကြောင့် ဒေသခံများ ရှောင်တိမ်းနေရခြင်းတို့ကြောင့် အရပ်သားဖမ်းဆီးခံရမှု၊ ထိခိုက်သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်ပျက်စီးမှုအရေအတွက်၊ ဘာသာရေးအဆောက်အအုံ ပျက်စီးမှုအခြေအနေ အသေးစိတ်များကို Dawei Watch အနေဖြင့် မသိရသေးပေ။
ဝင်းဝစခန်းကို KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များက မတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်သိမ်းယူထားသည်။







