ပုလောမြို့အနီး တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (မတ် ၁၄) နံနက် ၈ နာရီ ၃၀ မိနစ်တွင် တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်ယာကမ်းရွာသည် ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ်တွင် တည်ရှိကာ ပုလောမြို့နှင့် တစ်မိုင်ကျော်ကွာဝေးသည်။
အဆိုပါ စစ်အာဏာရှင်တပ်စခန်းကို မတ်လ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အာဏာရှင်တပ်သား ၆ ဦး သေဆုံးပြီး ၃၀ ကျော် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စစ်အာဏာရှင်စခန်းကို KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ဦးဆောင်၍ KMLA တပ်ရင်း ၁၂ ၊ တပ်ရင်း ၂၇ ၊ KNDO တပ်ရင်း ၇၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်(DNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေကြောင်းနှင့် ဒရုန်းများအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းပြီးနောက် စစ်အာဏာရှင်တပ် မလိရေတပ်မှ စစ်သင်္ဘောများရောက်လာသည်ဟု သတင်းရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စခန်းက ရဲစခန်း၊ ရဲနဲ့ စခ (စစ်အာဏာရှင်) တွေနဲ့ နေကြတယ်။ တပ်စွဲထားတာ ကြာပြီ။ ရေလမ်းကနေ စစ်ကူတွေ တက်နေကြတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ စခန်းတွင် စစ်အာဏာရှင်တပ်သားများသည် ၂၀၂၁ ခုနှစ်မှစ၍ တပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် MA1 ၄ လက်၊ MA3 ၁ လက်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပါသည်။







