ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ရေနံချက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းရှိရာ ကျွန်းကို အမေရိကန် တိုက်ခိုက်

March 14, 2026

အမေရိကန်စစ်တပ်က အီရန်၏ ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်နေ့က အတည်ပြုပြောကြားလိုက်သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာမှုကို မနှောင့်ယှက်ရန် အီရန်အစိုးရအား ဖိအားပေးသည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။

သို့ရာတွင် အဆိုပါ ကျွန်းပေါ်ရှိ အရေးပါသည့် ရေနံအခြေခံအဆောက်အအုံများကိုမူ တိုက်ခိုက်မှုမှ ချန်လှပ်ထားခဲ့ကြောင်း ၎င်းက ပြောသည်။

အီရန်၏ အရေးအပါဆုံး ရေနံချက်လုပ်ငန်းများ တည်ရှိရာ အဆိုပါ ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်း သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။

“ကျွန်းပေါ်က ရေနံအခြေခံအဆောက်အအုံတွေကို လုံးဝဖျက်ဆီးပစ်ဖို့ ကျွန်တော် မရွေးချယ်ခဲ့ဘူး” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“ဒါပေမဲ့ အီရန်ဖြစ်စေ၊ တခြားဘယ်သူဖြစ်စေ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်ဘေးကင်းစွာ ဖြတ်သန်းသွားလာမှုကို နှောင့်ယှက်မယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်လည်သုံးသပ်မှာဖြစ်တယ်” ဟု ၎င်းက သတိပေးခဲ့သည်။

၅ မိုင်ခန့် ရှည်လျားသော ခါ့ဂ်ကျွန်းပေါ်ရှိ ရေနံချက်လုပ်ငန်းများသည် အီရန်စီးပွားရေး၏ အဓိကမဏ္ဍိုင်တစ်ရပ် ဖြစ်သည်။

အီရန်မှ ထွက်ရှိသော ရေနံစိမ်း ၉၀ ရာခိုင်နှုန်းခန့်ကို ခါ့ဂ်ကျွန်းတွင် ချက်လုပ်နေသည်ဖြစ်ရာ ယင်းကျွန်းပေါ်ရှိ ရေနံချက်လုပ်မှု လုပ်ငန်းစဉ်များ တစ်စုံတစ်ရာ အဟန့်အတားဖြစ်ပါက အီရန်စီးပွားရေးကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေနိုင်သည်။

အမေရိကန်ဘက်က ယခု တိုက်ခိုက်မှု၏ စစ်ရေးရည်မှန်းချက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ခါ့ဂ်ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လာခြင်းမှာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အီရန်အပေါ် အမေရိကန်၏ ဖိအားပေးမှု သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

Source: Politico