ရေနံတင်သင်္ဘောများ တရုတ်ယွမ်ငွေဖြင့် အရောင်းအဝယ်လုပ်လျှင် ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့် ပြုရန် အီရန်အစိုးရက စဉ်းစားနေကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနကို မတ်လ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။
ယင်းခြေလှမ်းသည် မဟာဗျူဟာမြောက် ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ သွားလာမှုကို စီမံကိုင်တွယ်ရန် အီရန်အစိုးရ၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အဆိုပါ အီရန်အရာရှိက ဆိုသည်။
ကမ္ဘာ့ရေနံအရောင်းအဝယ် အများစုကို အမေရိကန်ဒေါ်လာဖြင့်သာ အဓိကလုပ်ဆောင်နေသော်လည်း ပိတ်ဆို့အရေးယူခံထားရသည့် ရုရှားရေနံကိုမူ ရူဘယ် သို့မဟုတ် ယွမ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။
ရေနံအရောင်းအဝယ်တွင် ယွမ်ငွေသုံးစွဲမှုကို ချဲ့ထွင်ရန် တရုတ်အစိုးရက နှစ်ရှည်လများ ကြိုးပမ်းခဲ့သော်လည်း အမေရိကန်ဒေါ်လာမှာ ကမ္ဘာ့အဓိက အရန်ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် ရေနံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ဖြစ်ပြီးနောက်ပိုင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာသည်။
ဟော်မုဇ်ရေလက်ကြားသည် တစ်နေ့လျှင် ရေနံစည်ပေါင်း သန်း ၂၀ ခန့်နှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ လမ်းကြောင်းဖြစ်သည်။
အဆိုပါ ရေလက်ကြားမှ သင်္ဘောသွားလာမှုများကို ကန့်သတ်ခြင်းသည် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် သတိပေးခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို မတ်လ ၁ ရက်နေ့မှစ၍ ပိတ်ပစ်ခဲ့သည်။
Source: Anadolu Agency







