ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နယ်စပ်တွင် ကော့သောင်းဒေသခံ စစ်ဘေးရှောင် ဘုန်းကြီးခြောက်ပါးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး လူဝတ်လဲ

February 14, 2026

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင် ကရဘူရီမြို့နယ်တွင် သီတင်းသုံးနေထိုင်သည့် ကော့သောင်းဒေသခံ ဘုန်းကြီး ခြောက်ပါးကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး လူဝတ်လဲကာ တရားစွဲဆိုထားကြောင်း ထိုင်းရောက် ကော့သောင်းဒေသခံအချို့က ပြောသည်။

အဆိုပါဘုန်းကြီးခြောက်ပါးသည် ၂၀၂၃ခုနှစ် မတ်လက ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ဘေးရှောင်နေသည်မှာ သုံးနှစ်နီးပါးရှိနေပြီဖြစ်ကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။

ကရဘူရီမြို့နယ်အတွင်း ကိုယ်ပိုင်တဲကျောင်းဆောက်ကာ သီတင်းသုံးနေသည့်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

“ဘုန်းကြီး ခြောက်ပါးစလုံးက တစ်ကျောင်းတည်း မဟုတ်ပါဘူး။ ဝိုင်ဒင်းရွာနဲ့ အေးမြမင်္ဂလာရွာ နှစ်ရွာက ဘုန်းကြီးတွေပါ။ ကျောင်းထိုင်ဆရာတော်က နှစ်ပါး၊ ကျန် လေးပါးက ဒုဘ္လဘတွေပါ။ ဟိုဘက်မှာ စစ်‌ရှောင်ရင်း တဲကျောင်းဆောက်ပြီး သီတင်းသုံးနေတာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါဘုန်းကြီးများ သီတင်းသုံးနေသည့် ‌တဲကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး ဒကာများ လှူဒါန်းထားသည့် ပစ္စည်းများကို သိမ်းယူကာ ကျောင်းကိုလည်း ဖြိုဖျက်ခဲ့ကြောင်း ကော့သောင်းဒေသခံ အခြားတစ်ဦးက ဆိုသည်။

“လူဝတ်လဲခိုင်းပြီး တရားစွဲထားတယ်လို့သိရတယ်။ ကော့သောင်းဘက်ကို ပြန်ပို့မယ်အခြေအနေတွေ ရှိနေတယ်ပေါ့လေ” ဟု ‌၎င်းက ပြောဆိုသည်။

၂၀၂၃ ခုနှစ် မတ်လ ၄ ရက်ကဖြစ်ပွားခဲ့သည့် ဝိုင်ဒင်းရွာတိုက်ပွဲ‌အတွင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ဒေသခံ တစ်ရာနီးပါး ထိုင်းဘက်သို့ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရသည်။