တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များတင်ဆောင်လာသည့် ကားနှစ်စီးကို မြိတ်မြို့နယ်၊ ကြေးနန်းတိုင် တံတားဂိတ်မှ စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၀ရက်တွင် ဇဝဲကျေးရွာမှ မြိတ်မြို့သို့ ကွမ်းသီးခြောက်များတင်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လေးရက်ကြာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းအထိ ကားနှစ်စီးနှင့် အမျိုးသားသုံးဦးတို့ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“မိသားစုတွေနဲ့လည်း တွေ့ခွင့် မပေးဘူး။ ဘယ်နေရာကို ခေါ်သွားလည်း မသိရဘူး။ (ကားမှာက) ကွမ်းသီးခြောက်တွေပဲ တင်သွားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
ဖမ်းဆီးခံရသည့် ကားနှစ်စီးသည် ဇဝဲကျေးရွာက ကားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကားနှစ်စီးလုံး ပြန်မလွတ်သေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကွမ်းသီးရောင်းဝယ်သူများကိုလည်း ဇဝဲကျေးရွာအုပ်စု ဆန်းသစ်ရွာတွင် ရောက်နေသည့် စစ်အာဏာရှင်စစ်ကြောင်းက ပြည်ထောင်စုလမ်းမတွင် ဂိတ်ချပြီး တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။







