အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးလာလျှင် အီရန်ကို ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် အမေရိကန်စစ်ဘက်က ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယင်းအခြေအနေမှာ အမေရိကန်နှင့် အီရန်အကြား ယခင်ကဖြစ်ပွားခဲ့ဖူးသည့် ပဋိပက္ခများထက် ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အဆိုပါ အမေရိကန်အရာရှိနှစ်ဦး၏ ထုတ်ဖော်ပြောဆိုမှုကြောင့် လက်ရှိ အမေရိကန်နှင့် အီရန်တို့ကြား လုပ်ဆောင်နေသည့် သံတမန်ရေးရာ ကြိုးပမ်းမှုများမှာ ပိုမိုစိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။
အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ သံတမန်လမ်းကြောင်း ပြန်လည်စတင်ရန် အမေရိကန်နှင့် အီရန်သံတမန် များသည် ပြီးခဲ့သည့်အပတ်က အိုမန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အရှေ့အလယ်ပိုင်းတွင် သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့များ စုစည်းလိုက်ပြီးနောက် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ထပ်မံဖြစ်ပွားလာမည့်အရေး စိုးရိမ်မှုများ မြင့်တက်နေစဉ် ယင်းသို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ်နေကြောင်း အမေရိကန်အရာရှိများက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ယင်းလေယာဉ်တင်သင်္ဘောနှင့်အတူ တိုက်လေယာဉ်များ၊ ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောများနှင့် တိုက်စစ်ရော ခံစစ်ပါ ဆင်နွှဲနိုင်သည့် အခြားစစ်လက်နက်အင်အားများ အပါအဝင် စစ်သည်အင်အား ထောင်နှင့်ချီ၍ ထပ်မံတိုးမြှင့် စေလွှတ်ခဲ့သည်။
အီရန်နှင့် သဘောတူညီချက်ရယူရန်မှာ ခက်ခဲနေဆဲဖြစ်ကြောင်း သမ္မတထရမ့်က သောကြာနေ့က ပြောသည်။
“တစ်ခါတလေမှာ ကြောက်အောင် လုပ်ဖို့ လိုတယ်။ အဲဒါမှလည်း လက်ရှိအခြေအနေကို အမှန်တကယ် ကိုင်တွယ် ဖြေရှင်းနိုင်မှာပါ” ဟု သမ္မတထရမ့်က ပြောသည်။
အချိန်ကြာမြင့်စွာ ဖော်ဆောင်နိုင်သည့် အမေရိကန်၏ စစ်ရေးပြင်ဆင်မှုများနှင့် ပတ်သက်၍ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက “အီရန်နိုင်ငံနဲ့ ပတ်သက်လာရင် သမ္မတထရမ့်အနေနဲ့ ရွေးချယ်စရာ နည်းလမ်းအားလုံးကို အသင့်ပြင်ထားပါတယ်” ဟု ဆိုသည်။
Source: Reuters







