ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်သူကြောက်အောင် မီးရှို့ပြနေတဲ့ စစ်ကော်မရှင်

February 14, 2026

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပသည့် ကာလနှင့် ယင်းမတိုင်မီ ခြောက်လတာအတွင်း တနင်္သာရီတိုင်းအတွင်း၌ စစ်အာဏာရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထု၏ နေအိမ်ပေါင်း ရှစ်ရာကျော် ပြာပုံအတိ ဖြစ်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များတွင် တိုက်ပွဲများကြောင့် မီးလောင်ကျွမ်းခဲ့ရသည်ထက် စစ်အာဏာရှင်တပ်က ကျေးရွာများအတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်းကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့သည့် ဖြစ်ရပ်များက ပိုမိုများပြားလျက်ရှိသည်။

အထူးသဖြင့် ခြောက်လတာအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဒေသအများစုမှာ စစ်ကောင်စီက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ ဖြစ်နေသည်ကို တွေ့ရှိရပြီး အချို့သော ကျေးရွာနှင့် ရပ်ကွက်များမှာ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း တွေ့ရသည်။

ယင်းလုပ်ရပ်များသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘဲ စစ်ကောင်စီက ဗျူဟာမြောက် စီမံချက်ချကာ ဆင်နွှဲနေသည့် စစ်ဆင်ရေးတစ်ရပ်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။ စိတ်ဓာတ်စစ်ဆင်ရေးကို အစဉ်တစိုက် အသုံးချလေ့ရှိသည့် စစ်ကောင်စီသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအကြား သပ်လျှိုသွေးခွဲရန် တမင်ဖန်တီးလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။

ထိုသို့သော ရည်ရွယ်ချက်ရှိရှိ သွေးခွဲမှုများအပြင် တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ ဖိနှိပ်ခံပြည်သူများ၏ နစ်နာဆုံးရှုံးမှုများအပေါ် အခြေခံကာ တော်လှန်ရေးတပ်ဖွဲ့များအပေါ် အမြင်စောင်းမှုအချို့လည်း ရှိလာနေသည်။ တော်လှန်ရေးအင်အားစုများဘက်ကလည်း ယင်းသို့သော သွေးခွဲမှုများအပေါ် သတိပြုဆင်ခြင်နေရပြီး “ရေနှင့်ငါး” ပမာ တည်ရှိနေသည့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် ထိရောက်စွာ ကူညီနိုင်ခြင်း မရှိသေးသည့်အပေါ် အားမလိုအားမရ ဖြစ်နေကြကြောင်း ရဲဘော်များက ဆိုသည်။

သို့သော် တစ်ဖက်တွင်လည်း အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း စစ်အာဏာရှင်တပ်၏ ဖိနှိပ်မှုများကို ပြည်သူများက ပိုမိုစက်ဆုပ်လာကြပြီး တော်လှန်ရေးစိတ်ဓာတ် ပိုမိုရှင်သန် အားကောင်းလာသည်ကိုလည်း တွေ့မြင်ရသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် တနင်္သာရီတိုင်းအတွင်း၌ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရသည့် မိသားစုများစွာမှာ တောတောင်များအတွင်း ခိုလှုံရင်း ဆင်းရဲဒုက္ခများစွာနှင့် ရင်ဆိုင်နေကြရသည်။

ပြည်သူလူထုကို အကြောက်တရား ဖြစ်လာစေရန်နှင့် တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်၍ မီးရှို့ခဲ့သော စစ်အာဏာရှင်တပ်ဖွဲ့၏ လုပ်ဆောင်မှုများကို သိရှိနိုင်စေရန် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များကို မေးမြန်း၍ တနင်္သာရီပုံရိပ် အစီအစဉ်အဖြစ် စုစည်းဖော်ပြလိုက်ပါသည်။

“ငါနိုင်ရင်နိုင် မနိုင်ရင် အားလုံးကို ဖျက်ဆီးပစ်မယ် အဲလိုစိတ်ယုတ်မာရှိတယ်”

ပလမြို့ခံ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး

DW ။ အခုခြောက်လအတွင်း စစ်ကောင်စီက တနင်္သာရီတိုင်းထဲ မီးရှို့နေတာ နေအိမ် ၈၀၀ ကျော်ရှိပြီပေါ့နော် အဲဒါ ဘာကြောင့်လုပ်ဆောင်နေတယ်လို့ ထင်လဲ။

ဖြေ ။ စစ်ကောင်စီကြောင့်လေ။ သူတို့က ဘယ်လိုပြောမယ်။ ငါနိုင်ရင်နိုင် မနိုင်ရင် အားလုံးကို ဖျက်ဆီးပစ်မယ် အဲလိုစိတ်ယုတ်မာရှိတယ်။ စိတ်ယုတ်မာရှိဆိုတော့ သူတို့ဘက်ခြမ်း ပါရင်ပါ မပါရင် မပါတဲ့သူအားလုံးကို ဖျက်ဆီးတယ်။ တိုင်းပြည်ရော ရွာရော ဖျက်ဆီး ပစ်မယ် အဲလိုစိတ်ဓာတ်ရှိတယ်။

DW ။ စစ်ကောင်စီက အိမ်တွေကို မီးရှို့တော့ ဘယ်လိုခံစားနေရလဲ။

ဖြေ ။ ပိုပိုပြီး မုန်းတီး စက်ဆုပ်မိတယ်။ ဖြစ်နိုင်မယ်ဆို စိမ်းစားချင်တယ်။ ကျင့်ဝတ်မရှိ၊ သိက္ခာမရှိ၊ အရှက်မရှိ စစ်တပ်ဆိုပြောပြီးခါကျဆို သစ္စာ အဓိဋ္ဌာန် တွေ ဆိုပြီးတော့ ပြည်သူအပေါ်မှာ ကာကွယ်စောင့်ရှောက်ပါမည်ဆိုပြီး အရှက်မရှိတဲ့ လိမ်ညာ မုသာဝါဒ သစ္စာတွေ ဆိုပြီး အခုလိုမျိုး ယုတ်မာအောက်တန်းကျပြီးခါကျဆိုတော့ စက်ဆုပ်ရွံရှာဖွယ် ပေါ့နော်။ ဒါကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဟာပဲလေ။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေကို အင်မတန်မှ ရွံရှာစက်ဆုပ်မိတယ်။ စက်ဆုပ်တာကတော့ ခါးသီးနေအောင်ကို မုန်းတီးတယ်။ ဒီတော့ စစ်ကောင်စီကို လုံးဝ အလိုမရှိတာ။ အမြစ်ရော ပါရော အကုန်လုံး အမြစ်ပြတ် ချေမှုန်းမှ ဖြစ်မယ်ဆိုတဲ့ စိတ်က ပိုပြီးခိုင်မာလာတယ်။

DW ။ အိမ်မီးရှို့ခံရတော့ ဘယ်လိုလုပ်ပြီး နေနေကြလဲ။ ဘယ်လို စားသောက် နေကြလဲ။

ဖြေ ။ ဂျောင်ကြိုဂျောင်ကြား၊ အိမ်ကြိုအိမ်ကြား၊ တောကြိုတောင်ကြားထဲမှာ ရွက်ဖျင်တဲထိုးပြီး နေကြတယ်။ ဘယ်လိုစားနေရလဲဆိုတော့ သူများလာပေးကမ်းလှူဒါန်းတာနဲ့ အဆင်ပြေသလို စားနေကြရတယ်။

DW ။ အခုလိုပြောပြပေးတာ ကျေးဇူးပါ။

“တစ်ခုခုဖြစ်လို့ရှိရင် တစ်ရွာလုံးပြာကျမယ်ဆိုပြီး (စစ်အာဏာရှင်တပ်က)ကြိမ်းထားတာရှိတယ်”

သရက်ချောင်းမြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ ဒေသခံအမျိုးသမီးတစ်ဦး

DW ။ နေအိမ်မီးရှို့ခံရတာ ဘယ်တုန်းကလဲ အဲဒီတုန်းက ဘယ်ရွာတွေ မီးရှို့ခံရလဲ။

ဖြေ ။ အိမ်မီးရှို့ခံရတာက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်ပေါ့၊ အဲဒီတုန်းက ကျောက်လှေကားရယ်၊ စော်ဖျားရယ်၊ မိုးရွှေကုန်းရယ်၊ ကင်းရှေ့ရယ်၊ ကင်းရှေ့မှာက နှစ်ဆောင်ပါသွားတယ်။ နှစ်ဆောင်မှာ ညီမတို့ ညီအစ်မနှစ်ယောက်အိမ်။

DW ။ အဲဒီတုန်းက သူတို့ ဘာကြောင့် ညီမတို့အိမ်တွေကို ရှို့သွားတာလဲ။

ဖြေ ။ အဲဒါတော့ မသိလိုက်ဘူး။

DW ။ မီးရှို့ချိန်ရော ညီမတို့ ဘယ်မှာရှိနေလဲ။

ဖြေ ။ ရှောင်နေရတယ်။

DW ။ အဲတုန်းက ကင်းရှေ့မှာမီးရှို့တော့ ကိုယ့်အိမ်ပါတယ်ဆိုတာရော သိလား နောက်ဘယ်လိုသိသွားလဲ။

ဖြေ ။ ရွာသားတစ်ယောက်ကို ဖမ်းသွားတယ် သူ့မိန်းမကနေပြီးတော့ သူ့ယောက်ျားပါသွားတယ်ဆိုတော့ အိမ်ကမီးခိုးတွေ ထွက်နေတော့ သူကလှမ်းအော်လိုက်တာ အဲမှာရှိတဲ့လူတွေ ထွက်လာကြတာ။ ဖုန်းတွေလည်း ဆက်လာကြတယ်။

DW ။ တခြားရွာတွေမှာတော့ မီးရှို့သွားတာ အများကြီးပဲပေါ့နော်၊ စော်ဖျားတို့၊ ကျောက်လှေကားတို့၊ မိုးရွှေကုန်းတို့မှာတော့ အများကြီးပဲ ရှို့သွားတယ်။ အဲတုန်းက အဲဒီရွာတွေမှာ ဘယ်လောက်ပါသွားလဲ၊ အဲဒီရွာတွေမှာ အိမ်ခြေဘယ်လောက်ရှိလဲ။

ဖြေ ။ သုံးပုံမှာနှစ်ပုံလောက် ပါသွားတယ်၊ စော်ဖျားကတော့ ရွာကြီးပဲ၊ မိုးရွှေကုန်းက ရွာငယ်ပဲ၊ မိုးရွှေကုန်းက အိမ်ခြေ ၁၀၀ ကျော်ရှိတယ် မီးရှို့ခံရတာ သုံးလေးဆယ်လောက်ရှိတယ် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်နှစ်ခါ ရှို့ခံရတယ်။ ရွာမှာဆို အိမ်တွေသိပ်မရှိတော့ဘူး။ မိုးရွှေကုန်းမှာ အိမ်ခြေ ၁၅၀ လောက်ရှိတယ်။ နှစ်ခါရှို့တာမှာ ရှို့ခံရတာ အကုန်လုံးဆို ၆၀ ကျော်လောက်ရှိတယ်။

DW ။ အဲဒီတုန်းကရော သူတို့စစ်ကြောင်းဝင်လာပြီးမှ မီးရှို့သွားတာက ဘာကြောင့်အိမ်တွေ မီးရှို့ခံရတယ်လို့ ထင်လဲ။

ဖြေ ။ အဲဒီတုန်းက စစ်ကြောင်းလည်းဝင်တယ်၊ တိုက်ပွဲလည်းဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ မီးရှို့သွားတာ။

DW ။ အဲတော့ တိုက်ပွဲဖြစ်တာနဲ့ အရပ်သားအိမ်တွေမီးရှို့တာ ဘာဆိုင်လဲပေါ့နော် ညီမတို့အနေနဲ့ ဒီအပေါ်မှာဘယ်လို မြင်လဲ အရပ်သားအိမ်တွေကို စစ်တပ်က မီးရှို့တာ ဘာကြောင့်လို့ထင်လဲ။

ဖြေ ။ ဘာကြောင့်လုပ်လဲဆိုတော့ သူတို့ကလည်း ရွာထဲမှာ တိုက်ပွဲဖြစ်တော့ ဒီလိုလုပ်တာပေါ့လေ၊ တချို့ကလည်းပြောတယ် အဲလိုတိုက်ပွဲဖြစ်လို့ရှိရင် ရွာကိုမီးရှို့မယ်လို့ပြောတာ၊ အဲဒါကြောင့် တိုက်ပွဲဖြစ်လို့ရှို့တယ်လို့ပဲ ထင်တယ်ပေါ့နော်၊ ညီမတို့ရွာမှာကျတော့ ဘာလို့ရှို့လဲမသိဘူး။ တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းဝင်ရှို့သွားတာ။ ကင်းချထားတဲ့အိမ်တွေမှာဆိုလည်း ပစ္စည်းတွေယူသွားကြတယ်။ ပစ္စည်းတွေပါတဲ့အိမ်တွေလည်းပါတယ် မီးရှို့ခံရတဲ့အိမ်တွေလည်း ရှို့ခံရတယ်။

DW ။ အဲလို အိမ်နှစ်ဆောင်တည်း ဝင်ရှို့သွားတာက ညီမတို့အိမ်မှာ တော်လှန်ရေးတပ်က ကားတွေ ပစ္စည်းတွေ လူတွေလာပြီး တည်းခိုစခန်းချလို့ ရှို့သွားတာမျိုးလား။

ဖြေ ။ မဟုတ်ဘူး မဟုတ်ဘူး ဘာမှမရှိဘူး။ အဲလိုတွေမရှိဘူး။

DW ။ တချို့ဒေသခံပြောတာပေါ့နော် ဒီရွာမှာ တိုက်ပွဲဖြစ်ရင် ဒီရွာကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိတယ်လို့ပြောတယ် ညီမတို့ဆီမှာရော အဲလိုပြောတာရှိလား။

ဖြေ ။ ရှိတယ်ရှိတယ် အဲလိုဖြစ်တဲ့ရွာ ပြာကျမယ်လို့ပြောထားတာရှိတယ် တစ်ယောက်စကားတစ်ယောက်ပေါ့နော်၊ တစ်ခုခုဖြစ်လို့ရှိရင် တစ်ရွာလုံးပြာကျမယ်ဆိုပြီး ကျိန်းထားတာရှိတယ်။

DW ။ အခုမီးရှို့တဲ့ရွာတွေက ဒီရွာတွေမှာ တော်လှန်ရေးအားကောင်းလို့ ရှို့တာလား ဒီရွာတွေမှာ တိုက်ပွဲဖြစ်လို့ ရှို့တာမျိုးလား။

ဖြေ ။ တိုက်ပွဲဖြစ်လို့ရှို့တာ။ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တယ် လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။

DW ။ သူတို့က ဒီရွာမှာသူတို့တိုက်ခိုက်ခံရတယ်ဆိုရင် ဒီရွာကို မီးရှို့မယ်ဆိုတဲ့ ဗျူဟာကျင့်သုံးတာပေါ့နော်၊ အဲဒီပုံစံပေါ့။

ဖြေ ။ ဟုတ်တယ် အဲလိုမျိုးပဲ ယူဆရတယ်။

DW ။ အဲလိုလုပ်ရပ်အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ပြောရမယ်ဆိုရင် ညီမတို့ကတော့ ဘာမှတော့မဟုတ်ဘူးပေါ့နော်။ ဒီလိုကြီး အိမ်တွေမီးရှို့တာ တော်တော်တော့ ရက်စက်ရာကျတာပေါ့နော်။ ဘယ်လိုပဲပြောပြော ညီမတို့အိမ်မှာဆိုရင် ဘာမှမရလိုက်ဘူး။ ညီမရဲ့ ညီမလေးအိမ်မှာဆိုရင် အဖေတို့ အဝတ်အထည်တွေကအစ အကုန်လုံး ဘာမှမရလိုက်ဘူး။ တော်တော်လေး ယုတ်မာသွားတာပေါ့၊ အဲလိုလည်း မလုပ်စေချင်ဘူး ယူချင်တဲ့ဟာယူသွား အဲလိုတော့ ညီမတို့ကရတယ်။ မီးတော့မရှို့ပါနဲ့ပေါ့။ သူတို့ကတော့ နည်းနည်းရက်စက်တာပေါ့။

DW ။ တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ရွာတွေနဲ့ တော်လှန်ရေးတပ် စစ်ဆေးရေးဂိတ်ရှိတဲ့ တခြားရွာတွေမှာလည်း အဲလိုပဲ မီးရှို့တာတွေရှိတယ်ပေါ့နော်။ စော်ဖျားတို့ဘာတို့မှာဆိုလည်း ညီမတို့ဆွေမျိုးအိမ်တွေပါတယ်ဆိုတော့ ဒေသခံတွေက တော်လှန်ရေးအဖွဲ့တွေအပေါ်မှာရော သဘောထားအမြင်တွေက ဘယ်လိုရှိလဲ။

ဖြေ ။ အဲဒီတည်းကနေပြီး သူတို့နဲ့(ဆွေမျိုးတွေနဲ့)သိပ်မတွေ့ရဘူး။ သူတို့လည်း အိမ်မရှိဘူးဆိုတော့ တောထဲရောက်နေတဲ့သူတွေကလည်း တောထဲက ခြံထဲမှာပဲ နေလိုက်ကြတယ်။ အခုထိမတွေ့ရတဲ့လူတွေက အများကြီးပဲ။ ဦးလေးတို့ကတော့ သူတို့က တော်တော်လေး ရက်စက်သွားတာပေါ့၊ အဲလိုပဲသူတို့က ပြောနေကြတယ် နေစရာမရှိတော့ဘူးပေါ့၊ မလုပ်သင့်ဘူးပေါ့နော်။ အဲလိုပဲပြောကြတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့က အဆင်ပြေပါတယ်၊ သူတို့လည်းတာဝန်ကျေပါတယ်။ သူတို့လည်းရွာထဲကို ကာကွယ်ပေးပါတယ်။

DW ။ အခုညီမတို့အိမ်က ဘယ်လောက်ပါသွားလဲ။

ဖြေ ။ ညီမရဲ့ ညီမလေးအိမ်မှာက မီးတွေဘာတွေမရှိဘူးဆိုတော့ မြို့ပေါ်မှာပဲသွားနေကြတယ်။ နေလို့ကတော့ရတော့ရတယ် ဒါပေမဲ့ အဲဒါကြီးကို မကြည့်ချင်ဘူးပေါ့အစ်မရယ် အောက်ပိုင်းတစ်ပိုင်းလုံး လောင်သွားတာ။ ညီမအိမ်မှာကျတော့ သိပ်မလောင်ဘူး။ ရေခဲသေတ္တာတို့ဘာတို့ နည်းနည်းပါးပါးပဲ လောင်သွားတယ် ဝင်နေလို့ရတယ်။ ဝင်နေရပေမဲ့လည်း အဆင်မပြေဘူးပေါ့ နေရတာစိတ်မချမ်းသာဘူးပေါ့၊ မြင်ရတာ အဲဒါကြီးကိုကြည့်ရတာ လုံးဝ စိတ်မချမ်းသာဘူး။ ရှိစုမဲ့စုနဲ့လုပ်ထားတဲ့ဟာကို ချွေးနည်းစာလေးနဲ့ဆောက်ထားတဲ့ဟာကို အိမ်တစ်လုံးဖြစ်ဖို့အရေးကလည်း မလွယ်ဘူးလေ။ ပြင်လည်းမပြင်ဘူး ဒီတိုင်းပဲထားထားတယ်၊ နောက်ထပ်လာရင်လည်း နောက်ထပ် ထပ်ဖြစ်ဦးမှာပဲဆိုတော့ လုပ်မယ့်အင်အားကလည်း မရှိဘူးဖြစ်သွားတာ ငွေရေးကြေးရေးကအစပေါ့ အပိုဝင်ငွေမရှိဘူးဒါကြောင့် ဒီတိုင်းပဲနေနေလိုက်တယ်။

DW ။ ပြည်တွင်းပြည်ပက ထောက်ပံ့မှုကဘယ်လိုရှိလဲ။

ဖြေ ။ ညီမတို့အိမ်ကိုလာတော့ လာကြည့်ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း လာကြည့်ကြတယ်။ အကူအညီကတော့ တစ်ခုမှ တစ်ပြားတစ်ချပ်မှ မရဘူး။ တစ်ခုမှ မရဘူး။ ဘာမှမရဘူး။ တခြားရွာတွေမှာကျတယ် အဲတုန်းက ၄ ရွာမှာမီးရှို့ခံရတာ တခြားရွာတွေကရတယ် ညီမတို့ရွာက နှစ်အိမ်ပဲမရတာ။ ဟုတ် အခု ရွာမှာနေရင် ဒီအိမ်ထဲမှာပဲ ဝင်နေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ကို နားလည်မှုမကွဲကွဲအောင် သွေးမကွဲကွဲအောင် ဗျူဟာကျကျ လုပ်နေတယ်ပေါ့နော်”

တော်လှန်ရေး ရဲဘော်တစ်ဦး ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

DW ။ အခု စစ်ကောင်စီ ရွေးကောက်ပွဲ ကာလနဲ့ အကြိုကာလ ၆ လတာမှာ တနင်္သာရီတိုင်းထဲ နေအိမ် ၈၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒါ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ဆင်ရေးတစ်ခုလို လုပ်နေတယ်လို့ထင်လား။

ဖြေ ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့တော့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အခုမီးရှို့ခံရတဲ့ ရွာ (ပုလောမြို့နယ်၊ ပလမြို့က ရပ်ကွက်၊ ကျေးရွာများ) က ရွေးကောက်ပွဲ မဖြစ်ခင် စစ်ကောင်စီ ကနေပြီးတော့ ရွာထဲ စဝင်တာနဲ့ အဲဒီ မီးရှို့ခံရတဲ့ ရပ်ကွက်နေပြည်သူတွေ အားလုံးက စစ်ကောင်စီ နဲ့ ဝေးရာကို ခိုလှုံသွားပြီးတော့ ထွက်ပြေးသွားကြတယ်။ အဲဒီတော့ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်လည်းလုပ်ရော အဲဒီရပ်ကွက်က သူတွေက မဲပေးဖို့ အတင်းအဓမ္မမဲပေးခိုင်းဖို့ လက်လှမ်းမမီတဲ့ နေရာတွေ ရောက်ကုန်တာဆိုတော့ မဲပေးပြီးတဲ့နောက်မှာ (ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း) သူတို့ (စစ်အာဏာရှင်တပ်) ခန့်မှန်းထားတဲ့ မဲအရေအတွက်က ရွာမှာမရဘူးပေါ့။ အဲဒီရပ်ကွက်မှာနေတဲ့ ပြည်သူတွေဆီကနေ သူတို့ မှန်းထားတာမရဘူးပေါ့။ သူတို့လည်း မထူးဇာတ်ခင်းလိုက်သလိုပေါ့။ ဒီရပ်ကွက်က လူတွေက သူတို့ကို မဲမပေးဘူးပေါ့။ မဲမပေးတော့ ဘာမှမထူးဘူးပေါ့။ သူတို့ဆီကိုလည်း မဲလာမထည့်ဘူး။ ထားလို့လည်း ဘာမှမထူးဘူး။ အဲဒါကြောင့် သူတို့ ဖျက်ဆီးပစ်တာပေါ့။

DW ။ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ လုပ်ပြီးရင် ရွာတွေကို ပစ်မှတ်ထား မီးရှို့တာတွေ လုပ်လေ့ရှိတာကိုလည်း တွေ့ရတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ အိုးအိမ် မီးရှို့ခံရတော့ ဒေသခံပြည်သူတွေ ဘယ်လိုတုံ့ပြန်ကြလဲ။

ဖြေ ။ အဓိက ပြည်သူနဲ့ ကျွန်တော်တို့ကို သွေးခွဲတဲ့ပုံစံမျိုး။ PDF တွေရှိလို့ PDF တွေနေလို့ မီးရှို့ရတယ်။ ဥပမာ PDF တွေမရှိရင် သူတို့လည်း လာတိုက်စရာအကြောင်းမရှိ၊ မီးလာရှို့စရာအကြောင်း မရှိဘူး။ ဒီလိုပေါ့၊ တချို့နားမလည်တဲ့ ပြည်သူတွေကတော့လည်း အမြင်စောင်းတာရှိသလို သဘောထားကြီးတဲ့ နိုင်ငံရေး နားလည်တဲ့ ပြည်သူတွေကျတော့လည်း ပိုပြီးတော့ (စစ်အာဏာရှင်တပ်အပေါ်) စိတ်နာတယ်ပေါ့နော်။ ပိုပြီးတော့ မုန်းတီးကြတာပေါ့။

DW ။ အဲဒီလို မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ပြည်သူအချို့က တော်လှန်ရေး အင်အားစုတွေအပေါ် အမြင်စောင်းလာတာရှိတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။ ဒီလိုဖြစ်နေတဲ့ အခင်းအကျင်းအပေါ်မှာရော တော်လှန်ရေးဘက်ကရော ဘာတွေသတိထားဖို့လိုမလဲ။

ဖြေ ။ စစ်ကောင်စီ ဘက်ကတော့ ကျွန်တော်တို့ တော်လှန်ရေး တပ်တွေကို ပိုပြီးအမြင်စောင်းအောင် လုပ်လာမှာပဲ။ အဲဒီတော့ နားမလည်တဲ့ ပြည်သူတွေကလည်း အမြင်စောင်းမှာပဲ။ ကျွန်တော်တို့ (တော်လှန်ရေး အင်အားစုတွေ) ဘက်က ပြင်ရမယ့် အချက်တွေလည်း ရှိတယ်။ အားနည်းချက်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒါက စစ်ကောင်စီ ရဲ့ ဗျူဟာပါပဲလေ။ ဘယ်လိုပြောရမလဲ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ မီးလောင်နေတာ မမြင်ရက်တော့ မီးဝင်ငြိမ်းပေးတယ်။ ကျွန်တော်တို့ မီးဝင်ငြိမ်းတာနဲ့ စစ်ကောင်စီ က အပေါ်ကနေ ဒရုန်းဗုံးသီးချတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့မှာ ပြည်သူအိမ် မီးလောင်နေလည်း ထိုင်ကြည့်နေရတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒါပေမဲ့ စစ်ကောင်စီ က ကျွန်တော်တို့နဲ့ လက်တစ်ကမ်းအကွာမှာပဲရှိတယ်။ ကျွန်တော်တို့နေတာလည်း ပြည်သူအိမ်ပဲ၊ စစ်ကောင်စီ နေတာလည်း ပြည်သူအိမ်ပဲ၊ ကျွန်တော်တို့အနေနဲ့လည်း ဒရုန်းနဲ့ ပြန်တိုက်ခိုက်မယ်ဆိုရင် မီးလောင်မှာက ပြည်သူအိမ်တွေပဲ ဖြစ်နေတယ်။ ဒါတွေကို ဒီကောင်တွေ (စစ်အာဏာရှင်တပ်) လည်း ဒီအချက်တွေကိုသိပြီးတော့ပဲ အခွင့်အရေးယူပြီး ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ကို နားလည်မှုမကွဲကွဲအောင် သွေးမကွဲကွဲအောင် ဗျူဟာကျကျ လုပ်နေတယ်ပေါ့နော်။

DW ။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတာကိုရော တော်လှန်ရေး အင်အားစုတွေ ဘက်က ဘယ်လိုထောက်ကူမှုတွေ ပြုသင့်လဲ။

ဖြေ ။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်အနေနဲ့ ပြောရရင်တော့ အစိုးရ (အမျိုးသားညီညွတ်ရေးအစိုးရ) ကနေပြီးလည်း အားပေးစကား၊ အားပေးကူညီပေးနိုင်မယ့် အနေအထားတွေလည်း လိုအပ်တယ်။ ဒါပေမဲ့ ပြည်သူမှာ ပြည်သူပဲရှိတယ်ဆိုတဲ့ စကားတွေလည်း ရှိတယ်ဆိုတော့ ပြည်သူအချင်းချင်းကနေ အပြန်အလှန် ကူညီပေးတာမျိုးတော့ ရှိတယ်ဗျ။ အဲဒါကတော့ ကျွန်တော်တို့ အားရမှုရှိတယ်။ အားရမှုရှိစရာပဲ။ ဒါက ပြည်သူတွေ အချင်းချင်း အပြန်အလှန် ကူညီပေးတဲ့ဟာတွေတော့ ရှိတယ်။ ဒါပေမဲ့ တော်လှန်ရေး ရဲဘော်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့က ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးသင့်တယ်ပေါ့။ လုပ်လည်း လုပ်ပေးရမယ့် အနေအထားဖြစ်တယ်။

DW ။ ဖြည့်စွက်ပြောလိုတာ ပြောပေးပါ။

ဖြေ ။ စစ်ကောင်စီ က ဗျူဟာတစ်ရပ်အနေနဲ့ လုပ်တာဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေလိုက်ရတာပေါ့ဗျာ။ ပြည်သူလည်း ဝင်ငြိမ်းမရ၊ မီးသတ်ကားလည်း မလာဘူးလေ၊ ပြီးတော့ ရဲဘော်တွေအနေနဲ့ ဝင်ငြိမ်းပေးတဲ့အပေါ်မှာလည်း စစ်ကောင်စီ က ဒရုန်းနဲ့ ဗုံးသီးချပြီးတော့ ပြန်တိုက်ခိုက်တာဆိုတော့ ဒါကသူတို့ရဲ့ ဗျူဟာမြောက်စစ်ဆင်ရေးပေါ့နော်။ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ သိမ်ငယ်စိတ်လည်းဖြစ်တယ်။ ဘာမှလုပ်မပေးနိုင်တဲ့အပေါ်မှာ။ ကျွန်တော်တို့မှာလည်း အလုံးစုံပြည့်စုံနေတာလည်း မဟုတ်ဘူးဆိုတော့ ကာကွယ်မပေးနိုင်တဲ့အပေါ် သိမ်ငယ်စိတ်ဖြစ်တယ်။ ပြည်သူလူထုအပေါ်မှာလည်း တစ်ရွာတည်းသားတွေလည်းဖြစ်တယ်၊ ရဲဘော်တစ်ယောက်လည်းဖြစ်တော့ ကိုယ့်ရပ်ရွာအပေါ်မှာ တာဝန်မကျေတာ ညှိုးငယ်စိတ်တော့ဖြစ်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အဓိကကတော့ ကျေးလက်လူထုကို အကြောက်တရားသွင်းတာပေါ့ဗျာ”

ရဲဘော်မင်းထက်၊ ထားဝယ်ခရိုင်၊ တပ်ပေါင်းစုမဟာမိတ်ဆက်ဆံရေးတာဝန်ခံ။

DW ။ အခု စစ်ကောင်စီ ရွေးကောက်ပွဲ ကာလနဲ့ အကြိုကာလ ၆ လတာမှာ တနင်္သာရီတိုင်းထဲ နေအိမ် ၈၀၀ ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီလို ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့နေတာက ဘာကြောင့်လို့သုံးသပ်လဲ။ အခုလို အိုးအိမ်တွေကို အလုံးအရင်းနဲ့ မီးရှို့ဖျက်ဆီးတာဟာ စစ်ရေးအရ ဘာကို ရည်ရွယ်တယ်လို့ မြင်ပါသလဲ။

ဖြေ ။ ထောက်ပို့လမ်းကြောင်းဖြတ်တာလည်း ဖြစ်နိုင်တယ်။ ထားဝယ်ခရိုင်အတွင်းမှာ ရှိတဲ့ ကျေးလက်ဒေသအများစုသည် တော်လှန်ရေး ပူးပေါင်းတပ်တွေထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။ အဓိက တော်လှန်ရေးတပ်တွေအတွက် စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ အဓိကလမ်းကြောင်းတွေသည် ကျေးလက်ဒေသနယ်မြေတွေက အသက်တမျှအရေးကြီးပြီး အခရာကျတဲ့ နေရာတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ထောက်ပို့လမ်းကြောင်းတွေ ပြတ်သွားအောင် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်တယ်လို့ ယူဆပါတယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲကြောင့် နယ်မြေရှင်းလင်းရေးလုပ်တာ။ စစ်ကောင်စီ က ၂၀၂၂ ကနေ ၂၀၂၄ အစောလောက်အထိမှာ ထားဝယ်ခရိုင် လေးမြို့နယ်စလုံးကို စစ်အင်အားအများအပြားသုံးပြီး ဒီလို နယ်မြေရှင်းလင်းရေးလုပ်နိုင်ခြင်းမရှိတာ ကြာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် အလယ်ပိုင်းကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်တဲ့အပိုင်းတွေ အများကြီးရှိလာတယ်။ ရွေးကောက်ပွဲဆိုသည်မှာကလည်း အကုန်လုံးမြင်သလို အပိုင်း ၁၊ ၂၊ ၃ ဆိုပြီး မြို့ပေါ်အချို့နေရာလောက်နဲ့ အချို့ကျေးရွာအုပ်စုတွေမှာပဲ လုပ်လို့ရတဲ့အခြေအနေဖြစ်လို့ ဒါတောင် သူတို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်အင်အားတွေ အများအပြားသုံးပြီးတော့ စစ်ကြောင်းထိုးပြီးမှ အဲဒီလို (နေအိမ်မီးရှို့) လုပ်လို့ရတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ပါတယ်။

DW ။ ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးမှာ အခုလို မီးရှို့မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာဟာ တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် ပြည်သူတွေကို ခြောက်လှန့်ပြီး စစ်အုပ်ချုပ်ရေးယန္တရားထဲထည့်ဖို့ ကြိုးစားတာလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ ၆ လတာကာလအတွင်း နေအိမ်ရှစ်ရာလောက် မီးရှို့ခံရတာကိုတော့ အတည်ပြုပါတယ်။ ဒီထက်ပိုများဖို့ပဲရှိပါတယ်။ အဓိကကတော့ ကျေးလက်လူထုကို အကြောက်တရားသွင်းတာပေါ့ဗျာ၊ တော်လှန်ရေးတပ်တွေကို လူထုရဲ့ထောက်ခံမှုဖြစ်စေ၊ စားနပ်ရိက္ခာတွေ၊ ငွေကြေးအရသော်လည်းကောင်း သတင်းစီးဆင်းမှုတွေ ဒါတွေလည်း ဖြတ်တောက်ချင်တဲ့ သဘောရှိတဲ့အခါကျတော့ လူထုကို အကြောက်တရားနည်းလမ်းနဲ့ မလုပ်သင့်မလုပ်ထိုက်တာတွေကို လုပ်တယ်လို့မြင်တယ်။ တော်တော်ကို ရက်ရက်စက်စက်ဖြစ်ပါတယ်။ ကျွန်တော် တနင်္သာရီတိုင်းက ပြည်သူလူထုသည် သနားစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အချို့ဆိုရင် ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ စစ်ကောင်စီ ဘက်က ပြည်သူလူထုကို ကြောက်လန့်အောင် သက်သက်မဲ့ လုပ်သွားတာဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲတယ်ဆိုတာ ပြည်သူနဲ့ တော်လှန်ရေးသမားသည် ရေနဲ့ငါးဖြစ်ပါတယ်။ ပြည်သူဆိုတဲ့ ရေမရှိရင် တော်လှန်ရေးသမားဆိုတဲ့ငါးကတော့ ဘယ်လိုမှ ရှင်သန်နိုင်ခြင်းမရှိပါဘူး။ အဲဒီတော့ အဓိက ပင်မအရင်းအမြစ်ဖြစ်တဲ့ ပြည်သူလူထုဆိုတဲ့ရေကို တတ်နိုင်သမျှ ခန်းခြောက်အောင် လုပ်တယ်လို့ပဲ ယူဆပါတယ်။ စစ်အုပ်ချုပ်ရေးယန္တရားထဲထည့်ဖို့ ကြိုးစားတာလားဆိုတာကတော့ သူတို့နဲ့ မြို့ပေါ်နဲ့ နီးစပ်တာလောက်ပဲ အုပ်ချုပ်လို့ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေကတော့ အဓိကက ခံနိုင်ရည်ပေါ့၊ ပိုပြီးနှိပ်စက်လေ၊ ရပ်ရွာတွေကို မီးရှို့လေ တော်လှန်ရေးစိတ်ဓာတ်က ရှင်သန်လေပါပဲ။ အချို့နေရာတွေမှာတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး ပြည်သူတွေ ဒုက္ခရောက်တာတော့ ဝန်ခံပါတယ်။

DW ။ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ လုပ်ပြီးရင် ရွာတွေကို ပစ်မှတ်ထား မီးရှို့တာတွေ လုပ်လေ့ရှိတာကိုလည်း တွေ့ရတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။ တိုက်ပွဲဖြစ်နေတဲ့အချိန် မြေပြင်က တပ်မှူး၊ စစ်ဆင်ရေးမှူး၊ စစ်ကြောင်းမှူးတွေ သတင်းပို့တဲ့အခါ ပို့လာချက်တွေအရ တကယ့်မီးကုန်ယမ်းကုန် နှစ်ဖက်တိုက်နေတဲ့အချိန်မှာတောင် ဒီကောင်တွေ စကစဘက်က မီးရှို့တဲ့ ဖြစ်စဉ် သက်သေအထောက်အထားတွေလည်း ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း အတိုင်းအတာတစ်ခုအထိ အမြင်စောင်းတာခံရတယ်။ အဲဒါတော့ ငြင်းလို့မရတဲ့ အမှန်တရားပါ။ စစ်ကောင်စီဘက်က နောက်ပိုင်း ဘယ်လိုပုံဖော်ပုံသွင်းလာလဲဆိုရင်တော့ ဒီ PDF တွေ တော်လှန်ရေးသမားတွေရှိလို့ မင်းတို့ရွာတွေက ပျက်တယ်။ ကောင်းကောင်း ပညာမသင်ရဘူး။ စီးပွားရေးကောင်းကောင်းမလုပ်ရဘူး။ တော်လှန်ရေးသမားတွေကို လက်ခံထားရင် မင်းတို့ရွာတွေ ပြာကျမယ်။ အဲဒီလို အကြောက်တရားကို မလုပ်သင့်မလုပ်ထိုက်တာတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ တော်လှန်ရေးသမားအကြား တတ်နိုင်သမျှ သွေးခွဲတယ်။ ဝါဒဖြန့်တာတွေက တောက်လျှောက်တော့ လုပ်နေမှာပဲ။

DW ။ တော်လှန်ရေးတပ်နဲ့ ပြည်သူတွေကြား အထင်အမြင်လွဲလာစေဖို့၊ တော်လှန်ရေးတပ်တွေအပေါ် လူထုထောက်ခံမှုကျဆင်းအောင် စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်တဲ့နေရာအနီးဝန်းကျင်က ရွာတွေကို မီးရှို့လေ့ရှိတယ်လို့ ပြောကြတာလည်းရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဘက်က တော်တော်လေးကို သတိထားလာရတာရှိတယ်။ စကစကနေပြီးတော့ ပြည်သူနဲ့ တော်လှန်ရေးသမားအကြားထဲမှာ အကြမ်းဖက်မှု ဖြစ်စဉ် တွေ လုပ်လာတဲ့အခါမှာ နားလည်မှုတွေ နည်းနည်းလွဲလာတဲ့အပိုင်းတွေရှိတယ်။ နောက်ပိုင်းမှာဆိုရင် ကျေးရွာနဲ့ နီးတဲ့နေရာတွေမှာ တိုက်ပွဲမဖြစ်ဖို့အတွက် တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်းနဲ့ အများနဲ့ဆိုင်တဲ့ ကျေးရွာတွေအထဲ မဖြစ်အောင် ဆောင်ရွက်တာတော့ ရှိပါတယ်။ မတတ်နိုင်တဲ့အဆုံးမှပဲ မြို့တွင်းတိုက်ပွဲတွေ ရွာတွင်းတိုက်ပွဲတွေ ဖြစ်ရခြင်းဖြစ်ပါတယ်။

DW ။ ပြည်သူတွေကရော ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်လဲ။

ဖြေ ။ အဓိကကတော့ ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို နားစွင့်နေဖို့လိုတယ်။ နားစွင့်နေမှပဲ ကိုယ့်ရပ်ရွာအနီးအနားမှာ တိုက်ပွဲဖြစ်လာရင် ဘေးလွတ်ရာရှောင်နိုင်မှာဖြစ်ပါတယ်။ အခုက ပွင့်လင်းရာသီဖြစ်တဲ့အတွက် စစ်ကောင်စီ ရဲ့ လေကြောင်းအန္တရာယ်တွေ၊ နောက်တစ်ခုက တနင်္သာရီဒေသသည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့အတွက် ရေတပ်ဒဏ်ကိုပါ အဆစ်ခံရတဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် လေကြောင်းရော၊ ရေကြောင်းရော၊ ကြည်းကြောင်းရော၊ ဖြစ်နိုင်ရင် တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ထုတ်ပြန်တဲ့ သတင်းတွေကိုဖြစ်စေ၊ ရပ်ရွာထဲ လက်လှမ်းမီတဲ့ စစ်ရေးသတင်းရင်းမြစ်တွေကို အမြဲနားစွင့်ပြီး သတိထားဖို့လိုပါမယ်။

DW ။ ဒီလိုမျိုး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တပ်ကို ထိရောက်တဲ့ တရားမျှတမှုဖော်ဆောင်ဖို့ ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ ။ နောက်တစ်ချိန်ကျရင် Transitional Justice ရရင်တော့ တော်လှန်ရေးကာလအတွင်းမှာဖြစ်တဲ့ စစ်ကောင်စီ ရဲ့ စစ်ရာဇဝတ်မှု မှတ်တမ်းတွေကိုတော့ တတ်နိုင်သလောက် အသေးစိတ်မှတ်တမ်းတင်ထားတာတော့ ရှိတယ်။ ဥပမာ ဘယ်တပ်ရင်း၊ ဘယ်တပ်မ၊ ဘယ်စကခက ဘယ်အရာရှိဦးစီးက ဘယ်နေ့ဘယ်ရက်မှာ ဒီရွာကို ဝင်ပြီးတော့ ပြည်သူလူထုဘယ်နှစ်ယောက်ကို သတ်သွားလဲ။ နေအိမ်ဘယ်နှစ်လုံး မီးရှို့သွားလဲ။ ဘယ်နေ့ဘယ်အခါမှာ ရေတပ်သင်္ဘောက ရပ်ရွာထဲ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတွေထိခိုက်တာ ဘယ်လောက်ရှိလဲ။ လေကြောင်းဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်တာဘယ်လောက်ရှိလဲ။ တတ်နိုင်သလောက် မှတ်တမ်းတင်ထားတာတော့ ရှိပါတယ်။ လက်ရှိကာလမှာကတော့ ဒီဖြစ်စဉ်တွေအပေါ်မှာ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် လက်တုံ့ပြန်နိုင်သမျှတော့ ကြိုးစားဆောင်ရွက်နေပါတယ်။ အချို့နောက်ပိုင်း တော်လှန်ရေးကာလအလွန်ကျရင် အရေးယူဖို့ဆောင်ရွက်ဖို့ကတော့ မှတ်တမ်းမှတ်ရာတွေနဲ့ပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

မှတ်ချက် –
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပပြီးနောက် ဇန်နဝါရီလ နှောင်းပိုင်းမှစပြီး စစ်ကြောင်းထိုးနေသဖြင့် နေအိမ်ဆယ်ချီ မီးရှို့ဖျက်ဆီး ခံထားရသော ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိရာ ရေဖြူမြို့နယ်ထဲမှ ကျေးရွာများတွင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသဖြင့် ယင်းဒေသက ဒေသခံများကိုမူ ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပေ။