ဟောင်ကောင်က အထပ်မြင့်အိမ်ရာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တောင်းဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးအား တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်လိုက်သည်။
နိုင်ငံရေးသိပ္ပံကျောင်းသား Miles Kwan သည် ယမန်နှစ် နိုဝင်ဘာလတွင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရသည့် မီးလောင်မှု ဖြစ်စဉ်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။
ဆူပူအုံကြွစေရန် ရည်ရွယ်ချက်ရှိမှုဖြင့် လုပ်ဆောင်ခဲ့သည်ဆိုပြီး Miles Kwan ကို ဟောင်ကောင်အမျိုးသား လုံခြုံရေး ရဲတပ်ဖွဲ့က နှစ်ညတာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၎င်းအား အာမခံဖြင့် ပြန်လည်လွှတ်ခဲ့ပြီးနောက်တွင် ၎င်းတက်ရောက်နေသည့် ဟောင်ကောင်တရုတ်တက္ကသိုလ် (CUHK) က စည်းကမ်းပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် တက္ကသိုလ်အာဏာပိုင်များက အဆိုပါအမှုကို ကျောင်းသား စည်းကမ်းထိန်းသိမ်းရေးကော်မတီထံသို့ လွှဲပြောင်းပေးခဲ့သည်။
ကော်မတီက အဆိုပါတက္ကသိုလ်ကျောင်းသားအား “စည်းကမ်းဖောက်ဖျက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့သည်” ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းထုတ်ရန် ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ဟောင်ကောင်တရုတ်တက္ကသိုလ်အာဏာပိုင်များကမူ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကြောင့် အပြစ်ပေးခံရမှု သုံးကြိမ်ရှိသော ကျောင်းသားအား ကျောင်းထုတ်နိုင်ကြောင်း ဆိုသည်။
Source: AFP







