ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကရိန်းပြုတ်ကျပြီး ရထားလမ်းချော်မှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

January 14, 2026

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ရထားလမ်းဆောက်လုပ်ရေးသုံး ကရိန်းသည် အမြန်ခုတ်မောင်းလာသော ရထားပေါ် ပြုတ်ကျခဲ့သဖြင့် ရထားလမ်းချော်သောကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၉ နာရီကျော် နခွန်ရတ်ချ်စီမားခရိုင် စီခီဝူဒေသ စီခီဝူဘူတာသို့ မရောက်မီ အမြန် ခုတ်မောင်းလာသော ဘန်ကောက်-ဥဘွန်းရတ်ချ်ဌာနီ ရထားပေါ်သို့ ကရိန်းက ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရထားက လမ်းချော်ကာ မီးလောင်ခဲ့သည်။

ရထားလမ်းချော်မှုကြောင့် ညနေ ၅ နာရီအချိန်အထိ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၆၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူများအနက် ရှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဖော်ပြသည်။

ရထားသည် ဘန်ကောက်မှ စတင်ထွက်လာပြီး ရထားပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်းများအပါအဝင် ၂၀၀ ဦးခန့် လိုက်ပါလာသည်။

လက်ရှိအချိန်တွင် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ဘန်ကောက်-လာအို-တရုတ်အထိ ဆက်သွယ်မည့် ယင်းအမြန်ရထားလမ်းစီမံကိန်း ဆောက်လုပ်ရေးတွင် အီတာလျံ-ထိုင်း ကုမ္ပဏီကလည်း တာဝန်ယူပါဝင်နေခြင်းဖြစ်ပြီး ထိခိုက်နစ်နာသူများကို စိတ်မကောင်းဖြစ်ကြောင်း တောင်းပန်ထားသည်။

မတော်မဆမှုကြောင့် သေဆုံးသူ၏ မိသားစုဝင်များကိုလည်း နစ်နာကြေးပေးမည်ဖြစ်ပြီး ဒဏ်ရာရသူများ၏ ဆေးကုသမှုများကိုလည်း ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီဘက်က ပြောကြားထားသည်။

ပြီးခဲ့သောနှစ် မေလက ငလျင်ကြောင့် အီတာလျံ-ထိုင်းကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ဘန်ကောက်မြို့ရှိ စာရင်းစစ်ချုပ်ရုံး ပြိုကျပြီးနောက်ပိုင်း နောက်တစ်ကြိမ် ရထားလမ်းဆောက်လုပ်ရေးတွင် မတော်တဆဖြစ်ပြီး လူသေဆုံးမှုများ ထပ်ရှိလာခြင်းဖြစ်သည်။

Ref: Khaosod, The Nation Thailand, Thai Enquirer