ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်စျေးကွက်တွင် ဆန် အဟောင်း စျေးတက်

January 14, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်ဆန်စျေးကွက်တွင် ယမန်နှစ်က ဝင်ရောက်ခဲ့သည့် လက်ကျန်ဆန်အဟောင်းအချို့မှာ စျေးမြင့်တက်နေကြောင်း စျေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့မှ တင်သွင်းသည့် ယခုနှစ်ထွက် မိုးစပါး မှရရှိသည့် ဆန်အသစ်များ ဝင်ရောက်လာချိန်တွင် ယင်းသို့စျေးတက်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရွှေဘိုပေါ်ဆန်း (ချန်ပီယံ) ဆန်အဟောင်းမှာ ယခင်က တစ်အိတ်လျှင်၂၁၆,၅၀၀ ကျပ်မှ ယခုနှစ် မိုးစပါးဆန်အသစ် ထွက်ရှိသည့် ဇန်နဝါရီလ ပထမပတ်အတွင်း ၂၃၉,၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) မှာ ၂၄၀,၅၀၀ ကျပ်မှ ၂၄၂,၅၀၀ ကျပ်သို့ အသီးသီးစျေးတက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ဆန်အသစ်များ ထားဝယ်စျေးကွက်အတွင်းသို့ ဝင်ရောက်လာချိန် ချန်ပီယံ (ရွှေဘိုပေါ်ဆန်း) ဆန် အဟောင်း တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) ဆန် အဟောင်း တစ်အိတ်လျှင် ၂၀၀၀ ကျပ် စျေးတက်သွားကြခြင်းဖြစ်သည်။

ဆန်အသစ်ထွက်စဦးအချိန်တွင် စားသုံးသူ နည်းလေ့ရှိကြပြီး ယင်းအချိန်တွင် စျေးကွက်အတွင်း ကျန်နေသည့် လက်ကျန် ဆန်အဟောင်းများ အဝယ်လိုက်ကာ စျေးမြင့်တက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ဆန်အရောင်းအဝယ် ပြုလုပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆန်အဟောင်းကိုပဲ လူကြိုက်များတာ ထုံးစံပါပဲ၊ နှစ်တိုင်းပဲ။ လူကြိုက်များတဲ့ ဆန်အဟောင်းအမျိုးအစားတွေ ဒီအချိန်ဆိုရင် ပုံမှန်စျေးတက်လေ့ရှိပါတယ်။ ဆန်အဟောင်း မကုန်ခင်တစ်လလောက်ပေါ့”ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ဆန်အသစ်မှာ ဆန်အဟောင်းထက် ပုံမှန်စျေးနည်းလေ့ရှိသော်လည်း စားသုံးသူများ နှစ်သက်လေ့မရှိကြဘဲ ဆန်အသစ် ထွက်ရှိပြီး အနည်းဆုံး တစ်လ၊ နှစ်လ ကြာပြီးခါမှ ဝယ်ယူစားသုံးလေ့ရှိ ကြကြောင်း စားသုံးသူအိမ်ရှင်မတစ်ဦးက ဆိုသည်။

“ဆန်အသစ်က ထမင်းချက်ရင် ထမင်း မတက်တာ၊ ထမင်းလုံးစေးကပ်တာ၊ ဝမ်းဗိုက် မအီမသာတွေ ဖြစ်တတ်တယ်။ ဆန်အသစ် စထွက်ချိန်ဆို လူတွေ သိပ်မစားကြဘူး။ အနည်းဆုံး တစ်လကြာမှ ဆန်အသစ်ကို ပြောင်းစားကြတာ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ထားဝယ်စျေးကွက်သို့ ရောက်ရှိ လာသည့် ဆန်အသစ်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ချန်ပီယံသစ်) တစ်အိတ်လျှင် ၂၀၆၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်သစ်) တစ်အိတ်လျှင် ၁၉၇၅၀၀ ကျပ်တို့ ဖြစ်သည်။

ယင်းအပြင် အခြားဆန်များဖြစ်သည့် ချန်ပီယံ (မြောင်းမြ) ပေါ်ဆန်းဆန်အသစ်မှာ ၁၃၉၅၀၀ကျပ်၊ ချန်ပီယံ (ဖျာပုံ) ပေါ်ဆန်းဆန်အသစ်မှာ ၁၃၈၀၀၀ကျပ်တို့ ဖြင့် လက်ရှိ ထားဝယ်စျေးကွက်တွင် ရောင်းချနေသည်။

သို့သော် ၎င်းဆန်အဟောင်းများဖြစ်သည့် ချန်ပီယံ (မြောင်းမြ) ပေါ်ဆန်းဆန်အဟောင်းမှာ တစ်အိတ်လျှင် ၁၆၉၀၀၀ကျပ်၊ ချန်ပီယံ (ဖျာပုံ) ပေါ်ဆန်း ဆန်အဟောင်းမှာ တစ်အိတ်လျှင် ၁၄၇၀၀၀ကျပ် တို့ ဖြင့် စျေးငြိမ်နေကြသည်။