ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ChatGPT ကြောင့် နယ်သာလန်မင်္ဂလာဆောင် တရားမဝင်ကြောင်း ပယ်ဖျက်ခံရ

January 14, 2026

နယ်သာလန်နိုင်ငံတွင် ChatGPT အသုံးပြု၍ ရေးသားထားသည့် မိန့်ခွန်းဖြင့် လက်ထပ်ထိမ်းမြားခဲ့သည့် စုံတွဲတစ်တွဲ၏ အိမ်ထောင်ရေးမှာ တရားမဝင်ကြောင်း တရားရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ဆုံးဖြတ်လိုက်သည်။

ယမန်နှစ် ဧပြီလတွင် အဆိုပါ စုံတွဲအား မိတ်ဆွေဖြစ်သူ မင်္ဂလာအခမ်းအနားမှူးက ChatGPT အသုံးပြု၍ ရေးသားထားသည့် မိန့်ခွန်းဖြင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ သို့ရာတွင် နယ်သာလန်နိုင်ငံအရှေ့ပိုင်း၊ အိုဗာအစ်ဆယ်လ် (Overijssel) ခရိုင်တရားရုံးက ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှုမှတ်တမ်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းသည် နယ်သာလန် တရားမဥပဒေ၏ သတ်မှတ်ချက်များဖြစ်သည့် ဇနီးမောင်နှံအဖြစ် “အပြန်အလှန် အသိအမှတ်ပြုခြင်း” နှင့် “ဥပဒေအရ သတ်မှတ်ထားသည့် အိမ်ထောင်သည်ဘဝ တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း” စသည့် အချက်များအား ပြည့်မီခြင်းမရှိကြောင်း တရားရုံးက ဆိုသည်။

အဆိုပါ မိန့်ခွန်းကို ChatGPT ဖြင့် ရေးသားခဲ့သည်ဟူသော တရားရုံး၏ ဆုံးဖြတ်ချက်ကို အဆိုပါ စုံတွဲက ငြင်းဆန်ထားသည်။ “ဒါက မဟုတ်ပါဘူး၊ အခမ်းအနားမှူးက သူရေးထားတဲ့ စာသားဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိဆိုတာကိုပဲ AI ဆီမှာ မေးမြန်းခဲ့တာပါ” ဟု အဆိုပါ စုံတွဲက ဆိုသည်။

အငြင်းပွားဖွယ် ဖြစ်နေသည့် အဆိုပါ မိန့်ခွန်းတွင် “ဘဝမှာ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ… အတူတူရယ်မောဖို့၊ အတူတူရင့်ကျက်လာဖို့နဲ့ အပြန်အလှန် ချစ်ခင်သွားဖို့ ကတိပြုပါသလား။ သင့်ရဲ့ အဖြေက ဘာဖြစ်မလဲ” ဟု ဖော်ပြထားသည်။ “ဘဝမှာ ခက်ခဲတဲ့အချိန်တွေ ကြုံရရင်တောင်မှ တစ်ယောက်ကိုတစ်ယောက် ဆက်လက် ပံ့ပိုးကူညီဖို့၊ နောက်ပြောင်ကျီစယ်ဖို့နဲ့ လက်တွဲမြဲဖို့ သင်ရွေးချယ်ပါသလား။ သင့်ရဲ့ အဖြေက ဘာဖြစ်မလဲ” ဟု ပါရှိသည်။

“ဒါကြောင့် အခုအချိန်ကစပြီး သင်တို့နှစ်ဦးဟာ ဇနီးမောင်နှံအဖြစ်သာမက အရာရာကို အတူတကွ ရင်ဆိုင်မယ့် အသင်းအဖော်တစ်ခု၊ အရူးအမူး ချစ်ကြတဲ့ စုံတွဲတစ်တွဲ၊ တစ်ဦးပေါ်တစ်ဦး ထားရှိတဲ့ အချစ်နဲ့ တစ်ဦးအတွက် တစ်ဦးရဲ့ ခိုလှုံရာ အိမ်ဂေဟာလေးဖြစ်ကြောင်း ကျွန်ုပ် ကြေညာလိုက်ပါတယ်” ဟု ဆိုသည်။

မင်္ဂလာအခမ်းအနားမှူးအနေဖြင့် အဆိုပါ စုံတွဲ၏ ဆန္ဒနှင့်အညီ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စရာ လေယူလေသိမ်း ဖြစ်စေရန် ယင်းသို့ ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နယ်သာလန် တရားမဥပဒေတွင် မဖြစ်မနေ ထည့်သွင်းရမည့် အတည်ပြုချက်များ မပါရှိပါက အိမ်ထောင်ရေးကို တရားဝင်အဖြစ် သတ်မှတ်၍ မရကြောင်း ပြဋ္ဌာန်းထားသည်။

အဆိုပါ စုံတွဲက ၎င်းတို့၏ မင်္ဂလာဦးရက်စွဲ ပျက်ပြယ်သွားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ခံစားခဲ့ရကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြပြီး မူလမင်္ဂလာရက်စွဲကိုသာ ပြန်လည်သတ်မှတ်ပေးရန် တရားရုံးသို့ တောင်းဆိုထားသည်။

ကမ္ဘာတစ်ဝန်းရှိ မင်္ဂလာအခမ်းအနားမှူးများအကြား ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုမှု မြင့်တက်လာနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Source: The Independent