BREAKING
May 13, 2025

ဂယ်လ်ဗာအိုကို တစ်ချီတည်းနဲ့တင် ပြောထားတဲ့အတိုင်း အလဲထိုးပြီး အနိုင်ယူပြလိုက်တဲ့ အောင်လအန်ဆန်း

January 14, 2023

ကချင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ One Championship ရဲ့ ONE FIGHT NIGHT 6 ပွဲစဉ်မှာ ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ကို တစ်ချီတည်းနဲ့ အလဲထိုးပြီးအနိုင်ယူကာ ပွဲသိမ်းသွားခဲ့ပါတယ်။

အောင်လအန်ဆန်းနဲ့ ဂယ်လ်ဗာအိုတို့ဟာ CATCHWEIGHT တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အောင်လအန်ဆန်းဟာ ပွဲမစခင် ပြောထားတဲ့အတိုင်း အလဲထိုးနဲ့ အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။

ဂယ်လ်ဗာအို ဟာ အောင်လအန်ဆန်းကို ပထမပွဲချီ အစပိုင်းမှာ လက်သီးတွဲလုံးတွေနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့ပြီး အဲ့ဒီနောက်မှာတော့ အောင်လအန်ဆန်းကို ပူးသတ်ကာ ချုပ်ကစားဖို့ ကြိုးစားခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ ဂယ်လ်ဗာအိုရဲ့ချုပ်ကွက်ကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပြီးတဲ့နောက် ကြမ်းပြင်ထဲထက်ဆီ ဂယ်လ်ဗာအိုကို လှဲချလိုက်ကာ အဲ့ဒီနောက်မှာ ဂယ်လ်ဗာအိုရဲ့မျက်နှာထက်ဆီ အောင်လအန်ဆန်းရဲ့လက်သီးချက်တွေက လက်သီးမိုးရွာသလို တရစပ် ကျရောက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကိုရပ်နားလိုက်ကာ အောင်လအန်ဆန်းကို အနိုင်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ 

ပွဲပြီးချိန်မှာတော့ အောင်လအန်ဆန်းက မြန်မာပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မြန်မာလိုပြောဆိုခဲ့ရာမှာ‘ငြိမ်းချမ်းရေးအတွက် အားတင်းထားကြ’ ဖို့လည်း အလေးအနက်ထည့်သွင်း ပြောဆိုခဲ့သည်။

အောင်လအန်ဆန်းဟာ အခုမတိုင်ခင် ထိုးသတ်ခဲ့တဲ့ ယူရှင်း အိုကာမီနဲ့ ပွဲစဉ်တုန်းကလည်း ပထမပွဲချီမှာတင် အလဲထိုးအနိုင်ယူနိုင်ခဲ့တာကြောင့် နှစ်ပွဲဆက်တိုက် ပထမအချီမှာတင် အလဲထိုးအနိုင်ရတဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။