စစ်အာဏာသိမ်းထားသည်မှာ ၅ နှစ်နီးပါးကြာလာချိန်တွင် တော်လှန်ရေးကို အင်တိုက်အားတိုက် အားပေးထောက်ခံနေသည့် ပြည်သူလူထုအကြား စိုးရိမ်စိတ်များ၊ အားမလိုအားမရစိတ်များ ရှိလာနေသည်။
ထားဝယ်ဒေသ အပါအဝင် တနင်္သာရီတိုင်းတွင်လည်း အစုအဖွဲ့များစွာ၊ လက်နက်ကိုင်အဖွဲ့များစွာတို့ အားကောင်းမောင်းသန်ရှိသော်လည်း စုစည်းနိုင်ခြင်း မရှိဟုဆိုကာ အားမလိုအားမရ ဖြစ်နေသူများလည်း အများအပြားရှိနေသည်။
ထားဝယ်အင်အားစုများ စုပေါင်းနိုင်ရေး နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်များ ရှိနေသော်လည်း ထိရောက်သည့် စုဖွဲ့မှုမျိုး ပေါ်မလာသည့်အပေါ် ထားဝယ်သူထားဝယ်သားတို့ အားမရဖြစ်ကြရပြန်သည်။ ယင်းသို့သော အခြေအနေတွင် ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ ဟူသည့် အမည်ဖြင့် အစုအဖွဲ့တစ်ရပ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထွက်လာပြန်သည်။
ယင်းကြေညာချက်တွင် တစ်ခုတည်းသော ထားဝယ်တပ် ပေါ်ပေါက်ရေး၊ နိုင်ငံရေးအရ ဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးဆိုသည့် ရည်မှန်းချက်များ ပါဝင်လာကြောင်း တွေ့ရသည်။
ထားဝယ်လူထု မျှော်လင့်နေသည့် ထားဝယ်တပ်၊ ထားဝယ်နိုင်ငံရေး ဦးဆောင်အဖွဲ့ ဆိုသောအချက်များ တွေ့မြင်ရသဖြင့် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ သို့သော် အပြောသက်သက်ဖြင့် အကောင်အထည်ပေါ်လာမည်မဟုတ် လက်တွေ့လုပ်နိုင်စွမ်း ရှိမှသာ အကောင်အထည် မြင်ရမည်။ ထားဝယ်တပ်၊ ထားဝယ်နိုင်ငံရေး ဦးဆောင်အဖွဲ့ ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်မည်မှာ သေချာသည်။
ဘယ်ဘုရား တန်ခိုးကြီးမှန်း မသိဟု ဆိုစမှတ်ပြုကြသော လက်နက်ကိုင် အဖွဲ့အများအပြားကို အစကပြန်စပြီး တပ်တစ်ခုတည်း ဖြစ်အောင် လုပ်မည်ဆိုသည်က စိတ်ကူးထဲတွင်ပင် မလွယ်လှ။ သို့သော် ယခုအတိုင်းသွားပါကလည်း ခရီးမတွင်နိုင်။ ယင်းကြောင့် ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ ဘာလဲ၊ ဘယ်လဲ အပြောသက်သက်လား အဟုတ်လုပ်နိုင်မလား ဆိုသည်ကို သိရှိနိုင်ရန်အတွက် ယင်းကော်မတီ အတွင်းရေးမှူး မယ်ဆု ကို Dawei Watch က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ရပါသည်။
DW ။ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းလိုက်တာ တွေ့ရပါတယ်။ ပူးပေါင်း ကော်မတီဆိုတော့ ဘယ်အဖွဲ့တွေ ပါလဲ။ဘာအချိန်ကစ ဖွဲ့တာလဲ။ ဘာကြောင့်ဖွဲ့တာလဲ။
ဖြေ ။ ၂၀၂၅ နှစ်စကတည်းက ပြည်တွင်း ပြည်ပရောက် ထားဝယ်လူမျိုးတွေ အသီးသီးကြားမှာ ကျွန်မတို့ တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ ထားဝယ်လူမျိုးတွေဟာ သမိုင်းတစ်လျောက် ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးတမ်းတွေနဲ့ ရှေးကျတဲ့ လူမျိုးတစ်မျိုးအဖြစ် ယနေ့အထိ အထင်အရှား ရပ်တည်နေတဲ့ လူမျိုးဖြစ်တယ်။ ယနေ့ခေတ် လွတ်မြောက်ရေးအတွက် တော်လှန်ရေးမှာ ထားဝယ်တွေဟာ လူထုတစ်ရပ်လုံးနဲ့ ရင်ဘောင်တန်းတိုက်ပွဲဝင်လျက်ရှိသလို ထားဝယ်တစ်မျိုးသားလုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖော်ဆောင်နိုင်ဖို့ ထားဝယ့်တာဝန်ကို ထားဝယ်တွေ ထမ်းဆောင်နိုင်ဖို့အတွက် TNUPC ကို ဖွဲ့စည်းရခြင်းဖြစ်တယ်။
ကျွန်မတို့ ထားဝယ်တွေရဲ့တာဝန်ကို ထမ်းဆောင်ခြင်းဟာ အခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့စေတယ်။ ထားဝယ်တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ နဲ့ ထားဝယ်အရေး တက်ကြွလှုပ်ရှားတဲ့ တစ်သီးပုဂ္ဂလတွေပါဝင်တဲ့ နိုဝင်ဘာလကုန် ဒုတိယအကြိမ် တွေ့ဆုံအစည်းအဝေးကနေ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ(TNUPC) ကို ဖွဲ့စည်းတာဝန်အပ်နှင်းတယ်။ သတ်မှတ်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်သွားဖို့အတွက် TNUPC ကို ဖွဲ့စည်းတာဝန်အပ်နှင်းလိုက်ခြင်းဖြစ်ပါတယ်။ ဉာဏ်ပညာအမြော်အမြင်ကို အခြေခံတဲ့ ရှေ့ဆောင်ဦးရွက်ပြုမယ့် အဖွဲ့အစည်း တည်ထောင်ဖို့ ဖြစ်တယ်။
DW ။ ဒီနိုင်ငံရေးအဖွဲ့အစည်းက ဘယ်လိုမျိုးပုံစံနဲ့ ဘာတွေလုပ်သွားဖို့ရှိလဲ။
ဖြေ ။ လက်ရှိ တော်လှန်ရေးအခင်းအကျင်းမှာ ထားဝယ်ပြည်သူလူထုမျှော်လင့်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ ဒီထက် ပိုစည်းလုံးညီညွတ်ဖို့လိုမယ်။ ထားဝယ်တော်လှန်ရေးတပ်တွေပေါင်းစည်းပြီး တစ်ခုတည်းသော “ထားဝယ်တပ်” တည်ဆောက်နိုင်ရေးဖို့ နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်လိုပါတယ်။ အဲဒါကို အကောင်အထည်ဖော်နိုင်ဖို့ပါ။ ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ ဉာဏ်ပညာရှေ့ဆောင်တဲ့ ဆင်ခြင်သုံးသပ်နိုင်မှုကို အခြေခံပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်မတို့ ထားဝယ်တော်လှန်ရေးလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေ အချင်းချင်းအကြားမှာရော အတူယှဉ်တွဲနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ကြားမှာရော အကျေအလည် တွေဆုံဆွေးနွေးမှုတွေနဲ့ ဘုံရည်မှန်းချက်တွေ အတူတကွအကောင်အထည်ဖော်နိုင်ဖို့က ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။
DW ။ ထားဝယ်တော်လှန်ရေးတပ်များ ပေါင်းစည်းပြီး တစ်ခုတည်းသော ‘ထားဝယ်တပ်’ အဖြစ် စနစ်တကျ တည်ဆောက်မယ်ဆိုပြီး ရည်ရွယ်ထားတာလည်းတွေ့ရတယ်။ လက်ရှိမှာ ဘယ်လက်နက်ကိုင် အဖွဲ့တွေက ပူးပေါင်းပါဝင်ပါသလဲ။
ဖြေ ။ လက်ရှိမှာတော့ တစ်ခုတည်းသောတပ်အဖြစ်ပါဝင်လုပ်ဆောင်ဖို့အတွက် ဆန္ဒသဘောထားပြုတဲ့ တပ်ဖွဲ့တွေနဲ့ တပ်စုဖွဲ့ရေးကိစ္စတွေအတွက်လည်း တစ်ပြိုင်တည်းလုပ်ဆောင်နေပါတယ်။ ဘယ်တပ်ဖွဲ့တွေပါသလဲဆိုတာတော့ လုံခြံရေးအရရော၊ တပ်စုဖွဲ့ရေး ကြိုးပမ်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ရော တပ်ဖွဲ့နာမည်တွေ ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ ကော်မတီရဲ့ ပြည်သူလူထုသို့ အစီရင်ခံတင်ပြချက်မှာပါတဲ့ ထားဝယ်အမျိုးသားရေး ရည်မှန်းချက်လဲဖြစ် ထားဝယ်ညီညွတ်ရေးအခြေခံမူလဲဖြစ်တဲ့ အချက် သုံးချက်ကို လက်ခံသဘောတူတဲ့ ထားဝယ်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း ပါဝင်နေပါတယ်။
DW ။ ထားဝယ်တပ်ဖြစ်လာဖို့ဆို အခြားသော တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်လာဖို့ ဘယ်လိုလမ်းဖွင့်ထားလဲ။ ပါလာမယ်လို့ထင်လား။
ဖြေ ။ ညီညွတ်ရေးကိုအခြေခံတဲ့ တစ်ခုတည်းသော “ထားဝယ်တပ်” ဖြစ်လာဖို့က ကျွန်မတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်။ လက်ရှိမှာ တပ် တစ်တပ်တည်းအဖြစ် ပါဝင်လုပ်ဆောင်ဖို့အတွက် ဆန္ဒသဘောထားပြုတဲ့ တပ်ဖွဲ့တွေနဲ့ တပ်စုဖွဲ့ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။ ထပ်မံပါဝင်လာမယ့် ထားဝယ်တော်လှန်ရေးတပ်တွေကိုလည်း ကြိုဆိုလမ်းဖွင့်ထားသလို တပ်စုဖွဲ့ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုလည်း ကော်မတီကနေ အကောင်အထည်ဖော်နေပါတယ်။အခြားတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့အတွက် ထားဝယ်အမျိုးသားနိုင်ငံရေး ရည်မှန်းချက် သုံးရပ်ဖြစ်တဲ့ ညီညွတ်ရေး၊ ပေါင်းစည်းရေးမူ ချမှတ်လမ်းဖွင့်ထားပါတယ်။ ထားဝယ်လူထုရဲ့ တော်လှန်ရေးဆန္ဒကို အလေးအမြတ်ပြုပြီး ပါဝင်လာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
DW ။ အခုက တပ်ဖွဲ့အသီးသီးက သူတို့ဖွဲ့စည်းပုံနဲ့ သူတို့ရှိထားပြီ အခုက တပ်ပေါင်းစု ပုံစံမဟုတ်ဘဲ ထားဝယ်တပ်ဆိုပြီးဖွဲ့မှာဆိုတော့ တပ်ဖွဲ့တွေက လက်ရှိဖွဲ့စည်းပုံကိုထားခဲ့ပြီး အစကနေ ပြန်စုဖွဲ့မယ့် သဘောလား။
ဖြေ ။ ထားဝယ်လူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ယူလာပေးနိုင်တဲ့တပ်ဖြစ်အောင် စနစ်တကျတည်ထောင် သွားမှာပါ။ ဒီလိုထူထောင်ရာမှာ အပြောထက် လက်တွေ့ကျဖို့ လက်ရှိတော်လှန်ရေး အတွေ့အကြုံနဲ့ သင်ခန်းစာတွေက လုံလောက်နေပြီဖြစ်ပါတယ်။
DW ။ အခုလို တပ်တွေကွဲပြားနေတဲ့ အခြေအနေကနေ ထားဝယ်တပ် ပေါ်လာဖို့က ဘာလို့အရေးကြီးတာလဲ။ ထားဝယ်တပ်ပေါ်ပေါက်လာဖို့ ဘာကြောင့်မဖြစ်မနေလိုအပ်တာလဲ။
ဖြေ ။ အခုတော်လှန်ရေးလည်း လေးနှစ်ကြာလာပြီ။ အားသာချက် အားနည်းချက်တွေ ကျွန်မတို့ ပြန်သုံးသပ်ကြတယ်။ အားလုံးသိတဲ့အတိုင်း ပြည်သူလူထုကလည်း စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်နေပြီ။ လူ၊ ငွေ၊ အရင်းအမြစ် အကန့်အသတ်အားလုံး ချင့်ချိန်တယ်။ လေးနှစ်တာကာလ ဖြတ်သန်းမှုတွေကို သင်ခန်းစာယူတယ်။ အင်အားကြီးတဲ့ စစ်တပ်ကို အနိုင်တိုက်ဖို့ဆိုတာ ကျွန်မတို့အင်အားတွေ အားလုံးပေါင်းစည်းနိုင်ဖို့လိုတယ်။ ရှင်းလင်းတဲ့ အမိန့်ပေးကွပ်ကဲမှုနဲ့ ဗျူဟာမြောက် စစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့ လိုတယ်။ ဒါဟာ ခရီးပိုရောက်မယ်။ ပိုမြန်မယ်။ ပိုထိရောက်မယ်။ ဒါကြောင့် ကျွန်မတို့ အင်အားတွေပေါင်းစည်းပြီး တပ်တစ်ခုတည်းပေါ်လာဖို့ အရမ်းအရေးကြီးပါတယ်။ အရင်ဆုံးကတော့ ကျွန်မပြောခဲ့သလိုပဲ ထားဝယ်တွေ ဘာဖြစ်ချင်လဲ အရင်ရှင်းဖို့လိုမယ်။ ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း ကိုယ့်တာဝန် ကိုယ်ထမ်းဖို့ လိုတယ်။ ဒါကြောင့် အခုတော်လှန်ရေးကာလမှာ ထားဝယ်တပ်တစ်ခု ခိုင်ခိုင်မာမာရှိဖို့လိုပါတယ်။
DW ။တစ်ဖက်မှာလည်း တနင်္သာရီတိုင်းစုဖွဲ့မှုလုပ်နေတဲ့အင်အားစုတွေလည်းရှိနေတာတွေ့ရတယ်။ အဲဒီတိုင်းစုဖွဲ့မှုကို “ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ”က မူဝါဒအရ ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ စစ်အာဏာရှင် လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ့်ကိစ္စကို ကိုယ်တာဝန်ယူမှရတော့မယ်။ အခြား မျှော်နေလို့ မရတော့ဘူး။ ကျွန်မတို့ဝန် ကျွန်မတို့ ထမ်းမယ်။ ကိုယ့်အလုပ်ကိုယ် လုပ်တယ်ဆိုတာ သူများအတွက် ဝန်ထုပ်ဝန်ပိုး လျှော့စေတယ်။ ကျွန်မတို့ ထားဝယ်လူထုလူဦးရေ လေးသိန်းကနေ ခြောက်သိန်းကြားရှိတယ်။ ဒီလူထုလွတ်မြောက်ရေး ကိုယ့်ဝန်ကိုယ်ထမ်းမယ်။ ဒီဟာနဲ့ တစ်ပြိုင်တည်း တနင်္သာရီ လွတ်မြောက်ရေးအားဖြည့်မယ်။ ကျွန်မတို့ တစ်နိုင်ငံလုံးလွတ်မြောက်ရေး အခြားလူမျိုးတွေနဲ့အတူတူ ဝိုင်းတော်လှန်မယ်။
DW ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တပ်ရင်းတွေ၊ ပကဖ၊ပကဖတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးမူဝါဒတွေသတ်မှတ်ထားလဲ။
ဖြေ ။ တော်လှန်ရေးလောကဓံ လှိုင်းတံပိုးတွေကို အတူရင်ဆိုင်ကျော်ဖြတ်ပြီး အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ သွေးစည်းညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ဖို့ ပြတ်သားတဲ့ မူချမှတ်ထားပြီးဖြစ်ပါတယ်။
DW ။ တနင်္သာရီတိုင်းထဲမှာက ကရင်အမျိုးသားအစည်းအရုံး KNU လည်းရှိနေတယ်ဆိုတော့ သူတို့နဲ့ရော ဘယ်လိုမူဝါဒသတ်မှတ်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ ။ ထားဝယ့် ကံကြမ္မာ ထားဝယ် ဖန်တီးရမယ်။ ထားဝယ်တွေ လွတ်မြောက်ဖို့ တော်လှန်တဲ့အချိန်မှာ အခြားသော တိုင်းရင်းသားလူမျိုးများရဲ့ ဖြစ်တည်မှု တန်ဖိုးထားမှုနဲ့ ရုန်းကန်မှုကိုတွေကို အပြန်အလှန်နားလည်အောင် ကြိုးပမ်းရမှာဖြစ်တယ်။ ကြားကာလ အစီအမံရေးဆွဲရေး ကော်မရှင်၊ KNU ဘိတ်-ထားဝယ် ခရိုင် အပါအဝင် တနင်္သာရီက အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေနဲ့ ကျွန်မတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ဆက် အကျေအလည် ဆွေးနွေးမှုဆောင်ရွက်ဖို့ လိုပါတယ်။ ဒီဟာနဲ့ တစ်ပြိုင်တည်း တနင်္သာရီလွတ်မြောက်ရေး အားဖြည့်မယ်။ တစ်နိုင်ငံလုံး လွတ်မြောက်ရေး အခြားလူမျိုးတွေနဲ့ အတူတူ ဝိုင်းတော်လှန်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုများနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဟာ ကျွန်မတို့ ထားဝယ်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ပဲ ဖြစ်တယ်။
DW ။ ပြည်သူအချို့ကတော့ ပြောကြဆိုကြတာရှိတာပေါ့နော်။ တနင်္သာရီတိုင်းထဲမှာ တော်လှန်ရေး၊နိုင်ငံရေးနဲ့ ပတ်သက်ပြီး အစုအဖွဲ့တွေ ဖွဲ့ကြတယ်။ လုပ်ငန်းတွေပီပီပြင်ပြင်အကောင်အထည်မဖော်ခင်မှာ ပျောက်ကွယ်သွားကြတယ်ဆိုပြီးတော့ ပြောဆိုကြတာပေါ့။ လက်ရှိ “ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ”ကရော ဒီလိုမျိုးဖြစ်လာမလားပေါ့လေ။ ဒီအပေါ်မှာရော ဘာပြောချင်တာရှိလဲ။
ဖြေ ။ ဒီခရီးကို ကျွန်မတို့ စလျှောက်တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရ ဖြတ်သန်းခဲ့ရတဲ့ အရှိတရားပဲဖြစ်တယ်။ လက်ခံဖို့လည်း လိုသလို သေချာပြန်လည်သုံးသပ်ဆင်ခြင်ပြီး ဆက်လျှောက်သွားဖို့ အဓိကဖြစ်တယ်။ အဲဒီကနေတစ်ဆင့် ပိုမိုခိုင်မာ ကျစ်လစ်တဲ့ နိုင်ငံရေးစုစည်းမှုတွေ ပေါ်ပေါက်လာမှာပါ။ ညီညွတ်ရေးကိုအခြေခံတဲ့ စည်းလုံးမှုကိုဦးတည်နိုင်ဖို့ ဖြစ်တယ်။ ကျွန်မတို့ ပြည်တွင်းရော ပြည်ပရော ထားဝယ်လူထုရဲ့ အသံတွေကို နားထောင်တယ်။ သုတေသနလုပ်တယ်။ အင်အားစုပေါင်းစုံနဲ့ တွေ့တယ်။ လူထုကလည်း လက်ရှိ အရှိတရားကို မြင်တယ်။ ကျွန်မတို့ ထားဝယ်တွေကို ရှေ့ရောက်စေချင်တယ်။ အဲဒီ သတင်းစကား၊ သင်ခန်းစာ၊ သုံးသပ်ချက် လက်ရှိအရှိတရားတွေကို အခြေခံပြီး ဒီကော်မတီကို ဖွဲ့စည်းတာဝန်အပ်နှင်းလိုက်တာဖြစ်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ညီညွတ်ပြီး တစိုက်မတ်မတ် တာဝန်ထမ်းဆောင်သွားမယ်ဆိုရင် ကျွန်မတို့ ထားဝယ်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေးပန်းတိုင်ဟာ အနှေးနဲ့ အမြန် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။






