“ထိုင်းအစိုးရက မြန်မာစစ်တပ်နဲ့ ဘယ်တုန်းကမှ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာမျိုး မရှိခဲ့ဘူး။ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ဒုက္ခတွေ ဘယ်လောက်ပေးပေး၊ ပြစ်မှုတွေ ဘယ်လောက်ကျူးလွန် ကျူးလွန် ဂရုမစိုက်ခဲ့ဘူး” ဟု ဆုက ပြောသည်။
ဆုသည် မန္တလေးဇာတိဖြစ်ပြီး အိန္ဒိယအနွယ် မြန်မာမွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိ ထိုင်းတွင် တက္ကသိုလ်တက်နေသူဖြစ်သည်။
ထိုင်းအစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလက ကျင်းပခဲ့သော BIMSTEC အစည်းအဝေးတွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပေးခဲ့သည်။ မင်းအောင်လှိုင်ကို မည်သည့် အာဆီယံထိပ်သီးအစည်းအဝေးများတွင်မှ တက်ရောက်ခွင့် မပြုထားပေ။
ယင်းအစည်းအဝေးမှတစ်ဆင့် ထိုင်းအစိုးရနှင့် မြန်မာစစ်တပ်ဆက်ဆံရေးက ရေရှည်ဆက်ဆံရေးတစ်ခုဖြစ်သည်ကို တွေ့မြင်လာရသဖြင့် ထိုင်းက အိမ်နီးချင်းနိုင်ငံများနှင့် နောက်ကွယ်က သံတမန်ဆက်ဆံရေးကို ပုံဖော်ထားသည်ဟု ဆုက ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်ရန် စစ်အာဏာရှင်အစိုးရက ကြေညာလာသည်။
ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ မြို့နယ်ပေါင်း ၂၇၄ မြို့နယ်တွင် ကျင်းပရန် ရည်ရွယ်ထားသည်။
ပထမအသုတ် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဒုတိယအသုတ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပရန် လျာထားသည်။
ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ရလဒ်ကို ကြိုသိနေသဖြင့် ပါဝင်သွားမည်မဟုတ်ဟု ဆုက ပြောသည်။
“မဖြစ်နိုင်ပါဘူး။ ဒီရွေးကောက်ပွဲမှာ ကျွန်မအနေနဲ့ ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဆုက ဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲတွင် ပါဝင်ရန် ဆန္ဒမရှိကြပေ။
သို့သော်လည်း လာမည့်ရွေးကောက်ပွဲသည် ထိုင်းရောက် မြန်မာအလုပ်သမား ၂ ဒသမ ၃ သန်းကျော်အတွက် မရှောင်လွှဲနိုင်သော အကျိုးဆက်များ ဖြစ်စေနိုင်သည်။
မြန်မာစစ်တပ်၏ ဒိုင်း
ယခုလာမည့် ရွေးကောက်ပွဲက မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ်ကျင်းပနေကျ ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း ဒေါက်တာ Sirada Khemanitthathai က ပြောသည်။
“မင်းအောင်လှိုင်စစ်အုပ်စုဆိုတာ စစ်တပ်အမိန့်တစ်ခုပဲ။ သူတို့က အာဏာတွေကို အကုန်ထိန်းချုပ်ထားဖို့ ပုံဖော်ထားတာမျိုး။ အခုလည်း ၂၀၀၈ ခြေဥအောက်ကနေ ရွေးကောက်ပွဲကို နိုင်ငံရေးကိရိယာတစ်ခုလိုသုံးပြီး အကာအကွယ်ထပ်ယူဦးမယ်” ဟု ဒေါက်တာ Sirada Khemanitthathai က ဆိုသည်။
ဒေါက်တာ Sirada Khemanitthathai သည် ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန နိုင်ငံတကာရေးရာကျောင်း၏ ကထိကတစ်ဦးဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အတွက် ဒိုင်းတစ်ခုသဖွယ်ဖြစ်နေပြီး လွှတ်တော်ထဲတွင် အစိတ်သား နေရာယူအမြစ်တွယ်နေသော ဥပဒေဖြစ်သည်။
အရပ်သားနိုင်ငံရေးချည်းသက်သက်ဆိုပါက တိုင်းပြည်ပြိုကွဲနိုင်သည်ဟု မင်းအောင်လှိုင်က အစွန်းရောက် ယုံကြည်နေသည်။
ယင်းယုံကြည်မှုကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက အရပ်သားပြည်သူများကို မထင်မှတ်ထားလောက်သည်အထိ အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ဒေါက်တာ Sirada က မှတ်ချက်ပြုသည်။
“၂၀၂၁ မှာ ပြည်သူလူထုထံကနေ စစ်တပ်က အတင်းအဓမ္မအာဏာသိမ်းယူထားတယ်။ ဒါကြောင့်လည်း ပြည်သူတွေက စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ၁၉၈၈ အရေးတော်ပုံထက် ပြင်းပြင်းထန်ထန် လုပ်လာကြတယ်” ဟု ဒေါက်တာ Sirada က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်အစိုးရဖြစ်လာသော NUG လက်အောက်ခံ တော်လှန်ရေးလက်နက်ကိုင် (PDF) အများစုကလည်း မြန်မာပြည်တွင်းက လူငယ်အများစုဖြစ်သည်။
လက်ရှိ PDF အဖွဲ့များက မြန်မာပြည်မြောက်ပိုင်း စစ်ကိုင်းနှင့် မကွေးဒေသများတွင် စစ်အာဏာရှင်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသူများဖြစ်ကြောင်း ဒေါက်တာ Sirada က ပြောသည်။
ယခုလာမည့် ရွေးကောက်ပွဲက လက်ရှိဖြစ်နေသော ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းခြင်းမပြုနိုင်ဟု ဒေါက်တာ Sirada က မှတ်ချက်ပြုသည်။
တစ်ဖက်တွင် စစ်တပ်က အတိုက်အခံပြည်သူလူထုများအပေါ် ဥပဒေအောက်က ပိုမိုဖိနှိပ် ချုပ်ချယ်လိုသော ရည်ရွယ်ချက်ရှိနေသဖြင့် ပြည်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများကိုပင် ပိုမို နှိုးဆော်စေနိုင်ကြောင်း ဒေါက်တာ Sirada က ပြောသည်။
“စစ်တပ်က ၂၀၀၈ ခြေဥကို ဘယ်သူမှ မထိစေချင်ဘူး။ ဘာလို့လဲဆို သူက အာဏာကို ထိန်းသိမ်းဖို့အတွက် တမင်ရည်ရွယ်ရေးဆွဲထားလို့ဖြစ်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံးက ပြောခွင့်ရပုဂ္ဂိုလ် ကိုနေဘုန်းလတ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
၂၀၀၈ ခြေဥအရ လွှတ်တော်ထဲတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရယူထားသည်။ ယင်းဖွဲ့စည်းပုံဥပဒေကို ပြင်လိုပါက လွှတ်တော်ထဲ ၇၅ ရာခိုင်နှုန်းက သဘောတူလက်ခံမှသာ ပြင်ဆင်ခွင့်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၀၈ ခြေဥအရ ကျင်းပသော ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြောသည်။
“မြန်မာတွေက ရွေးကောက်ပွဲကို မငြင်းကြပါဘူး။ တစ်ဖက်မှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အတွက် အချိန်တွေအကြာကြီး အတိုက်အခံလုပ်လာကြပြီးပြီ။ အခု ဘာကို ငြင်းနေကြလဲဆိုတော့ ၂၀၀၈ ခြေဥအောက်က လုပ်မယ့် ရွေးကောက်ပွဲမှန်သမျှကိုပဲဖြစ်တယ်” ဟု နေဘုန်းလတ်က ဆိုသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ဦးတည်ချက် ခြောက်ချက်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရေး ပါဝင်နေသည်။
နောက်တွင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်နှင့် ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်ဟူ၍ ပါဝင်သည်။
“ဖက်ဒရယ်ပြည်ထောင်စု” ဟူသော အိုင်ဒီယာကို တော်လှန်ရေးလှုပ်ရှားမှုများထဲ အဓိကပြောစမှတ် တွင်လာခဲ့သည်။
ယင်းအိုင်ဒီယာက ၂၀၀၈ ခြေဥအရ အာဏာချုပ်ကိုင်ထားသော စစ်တပ်အတွက် အဓိက ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး စစ်အာဏာရှင်က တရားဝင်မှုနှင့် အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေးအတွက် လာမည့်ရွေးကောက်ပွဲကို အသုံးချနေသည်ဟု ဒေါက်တာ Sirada က ပြောသည်။
ရွေးကောက်ပွဲနှင့် ထိုင်းရောက် မြန်မာများ
“ရွေးကောက်ပွဲက ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ဒါက နိုင်ငံရေး ပရိယာယ်တစ်ခုပဲဆိုတာ ကောင်းကောင်းသိနေတယ်။ ရင်ထဲကနေပြီး စိုးရိမ်နေတာကတော့ဗျာ မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစုတွေကိုပဲ။ တကယ်လို့ မဲမပေးကြဘူးဆိုရင် စစ်တပ်က သူတို့ကို လွယ်လွယ်ကူကူ ထောင်ထဲပို့နိုင်တယ်” ဟု ကိုဂျယ်လီက ဆိုသည်။
အသက် ၃၄ နှစ်အရွယ် ကိုဂျယ်လီသည် ရှမ်းပြည်နယ် လားရှိုးမြို့နယ်က မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံ၏ ငွေကြေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိပြဌာန်းထားသော ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် လက်ရှိ ဖမ်းဆီးခံထားရသူ ၉၀ ကျော်ရှိနေသဖြင့် ကိုဂျယ်လီက မိသားစုဝင်များကို ပိုမိုစိုးရိမ်နေသည်။
တော်လှန်ရေးအကြောင်း Facebook ပေါ်တွင် ပိုစ့်တင်သူများနှင့် ရွေးကောက်ပွဲ လှုံ့ဆော်ရေးတွင် ပါဝင်ရိုက်ကူးရန် ငြင်းဆန်သူများပင် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံနေရသည်။
မြန်မာပြည်သူများက စစ်တပ်အုပ်ချုပ်မှုအောက်တွင် အချိန်ကြာကြာရှိခဲ့သော်လည်း ဒီမိုကရေစီအရသာကို ခံစားခဲ့ဖူးကြကြောင်း ကိုဂျယ်လီက ပြောသည်။
“မြန်မာပြည်သူလူထုက စစ်တပ်ရဲ့ အာဏာထိန်းချုပ်မှုအောက်မှာ နေနေရတာ တော်တော်ကြာနေပြီ။ ၂၀၁၀ ကနေ ၂၀၂၀ အထိ ကျွန်တော်တို့ ဒီမိုကရေစီ အရသာကို ခံစားခဲ့ဖူးပြီးပြီ။ လုံးဝထိန်းချုပ်မှုမရှိခဲ့တဲ့ လွတ်လပ်မှုဆိုတာကိုလည်း မြင်တွေ့ခဲ့ရပြီးပြီ” ဟု ဂျယ်လီက ပြောသည်။
ကိုဂျယ်လီက လက်ရှိ မြန်မာပြည်သူလူထုမှာ ဒီမိုကရေစီကို ပြန်လည်ရရှိမည်ဟု လုံးဝမျှော်လင့်ထားကြကြောင်း ပြောသည်။
ရွေးကောက်ပွဲသည် စစ်တပ်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များအတွက်သာ အသုံးကျမည်ဟု ကိုဂျယ်လီက ယုံကြည်ထားသည်။
တစ်ဖက်တွင် မဲမပေးသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ပိုမိုတင်းကျပ်ပြီး ဖိအားပေးလာမည်ကို စိုးရိမ်နေသည်။
ထိုင်းရောက် မြန်မာအများစုက စာရွက်စာတမ်း အထောက်အထားများနှင့် ပက်သက်၍ မြန်မာသံရုံးကို မှီခိုနေရသေးသဖြင့် ရွေးကောက်ပွဲတွင် မပါဝင်သူနှင့် မိသားစုဝင်များကို ဖိအားပေးပြီး နေရပ်ပြန်စေမည်ကိုလည်း ကိုဂျယ်လီက စိုးရိမ်ကြောင်း ပြောသည်။
“သူတို့ ကျွန်တော့်တို့ကို အပြစ်ပေးနိုင်တယ်ဆိုတာ လုံးဝ သတိထားမိနေတယ်။ အထူးသဖြင့် စာရွက်စာတမ်း ကိစ္စတွေကနေ တင်းကျပ်တာမျိုးပေါ့” ဟု ကိုဂျယ်လီက ဆိုသည်။
ထိုင်းရောက် မြန်မာအလုပ်သမားအများစုက ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းအချက်အလက် မရကြပေ။
မြန်မာအလုပ်သမားများအနေဖြင့် ဘန်ကောက်သံရုံးတွင် မဲပေးနိုင်သည်ဟု ထုတ်ပြန်ထားသည်ကိုသာ သိရှိကြောင်း ထားဝယ်ဒေသခံ ကိုဇော်က ပြောသည်။
နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးရန် ဩဂုတ်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ပြီး စက်တင်ဘာလတွင် ပိတ်သိမ်းရန် ကြေညာထားသော်လည်း မဲလာပေးသူ နည်းပါနေသေးသဖြင့် သတ်မှတ်ရက်ကို ထပ်တိုးပေးနေကြောင်း လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ရက် (ANFREL) ၏ သတင်းအရ သိရသည်။
လာမည့်ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများ နေရာယူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိရေး နည်းလမ်းပေါင်းစုံ အသုံးပြုနိုင်ကြောင်း ကိုဇော်က ပြောသည်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက စစ်တပ်ပါတီဘက်က ရှုံးနိမ့်ထားတယ်။ သူတို့မနိုင်တော့ လက်နက်ကို အသုံးချလိုက်တာပေါ့။ အခုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောရရင်လည်း ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး” ဟု ကိုဇော်က ဆိုသည်။
နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ကိုဇော်က တိုက်တွန်းထားသည်။
ရွေးကောက်ပွဲပြီးချိန် ပြည်သူလူထုက မြန်မာနိုင်ငံရေးအခြေအနေ ပြိုလဲလာမည်ဟု ယုံကြည်လာပါက ထိုင်းသို့ အစုလိုက် အပြုံလိုက် ထပ်မံဝင်ရောက်လာနိုင်ကြောင်း ကိုဇော်က သတိပေးသည်။
ယခုအချိန်တွင် မြန်မာပြည်သူလူထု လိုလားအတောင့်တဆုံးက ငြိမ်းချမ်းရေးနှင့် စစ်ပွဲပြီးဆုံးရေးဖြစ်ကြောင်း Wichai Jantawaro က ပြောသည်။
Wichai Jantawaro သည် မြန်မာဒီမိုကရေစီအရေး အားပေးထောက်ခံ၍ အလုပ်လုပ်နေသော SEM အဖွဲ့၏ မန်နေဂျာ တစ်ဦးဖြစ်သည်။
“မြန်မာနိုင်ငံက လူတွေကလေ အကုန်လုံးကို လက်ခံပေးလိမ့်မယ်။ သတ်ဖြတ်မှုတွေကို ရပ်တန့်လိုက်မယ်ဆိုရင်ပေါ့။ အခုအချိန်မှာတော့ ရွေးချယ်စရာ မရှိတော့ပြီ။ လူတွေအများကြီးကို ထိခိုက်စေမယ့် ရွေးကောက်ပွဲကိုတော့ သူတို့ မဲမပေးဖို့ ရွေးချယ်ကြလိမ့်မယ်” ဟု Wichai Jantawaro က ဆိုသည်။
သူကိုယ်တိုင်ကလည်း လာမည့်ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးကို ဦးတည်လိမ့်မည်ဟု မယုံကြည်ပေ။
လက်ရှိ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ပါက နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ ပင်ပန်းနေပြီဖြစ်ပြီး တိုက်ပွဲများ အဆုံးသတ်ရေး လမ်းကြောင်းတစ်ခုကို တွေ့ရန် ကြိုးစားရှာဖွေနေကြကြောင်း Wichai က ပြောသည်။
“ရွေးကောက်ပွဲက အဖြေတစ်ခုလို့ ကျွန်တော် မပြောဘူး။ ဒါပေမဲ့လည်း နောက်ထပ်အမြင်အရဆိုရင် မြန်မာပြည်သူတွေမှာ အခြားနည်းလမ်း မရှိနေဘူး။ တကယ်လို့ မဲမပေးဘူးဆိုရင်လည်း လက်နက်ကိုင်တိုက်ပွဲတွေက အဆုံးသတ်ဖို့ မဖြစ်နိုင်သေးဘူး” ဟု Wichai Jantawaro က ဆိုသည်။
မြန်မာပြည်တွင်း လေကြောင်းတိုက်ခိုက်မှုများသည် ပြီးခဲ့သောနှစ်ထက် ပိုတိုးလာနေသည်။
ယခုနှစ် အောက်တိုဘာလတွင် လေကြောင်းတိုက်ခိုက်မှု ၁၉၂ ကြိမ်ရှိပြီး ပြည်သူ ၁၅၀ ခန့် သေဆုံးခဲ့ရသည်။
စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေများကို ပြန်လည် ရယူရန် ကြိုးပမ်းလာခြင်းကြောင့်ဟု Wichai Jantawaro က ပြောသည်။
ယခုရွေးကောက်ပွဲက စစ်တပ်က အာဏာဆက်ထိန်းထားနိုင်ရေးအတွက်ပင်ဖြစ်သည်။
NLD ပါတီက အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟု အကြောင်းပြ၍ စစ်တပ်က အာဏာသိမ်းခဲ့သည်။
အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သလို နိုင်ငံရေးပါတီများကိုလည်း ပြန်လည် မှတ်ပုံတင်ရန် စေခိုင်းခဲ့သည်။ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း ဖျက်သိမ်းခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်က ထိုင်းရောက် မြန်မာအလုပ်သမားများကိုလည်း ရွေးကောက်ပွဲတွင် ပါဝင်ကြရန် ဖိအားပေးမှုများ ရှိနေသည်ဟု ကိုဂျယ်လီက ပြောသည်။
ထိုင်းရောက် မြန်မာများက မဲပေးရန် ငြင်းဆိုထားကြသော်လည်း စစ်တပ်က ပြည်သူများ မဲလာပေးရန် စနစ်တကျ ဖိအားပေး ပုံဖော်ထားကြောင်း ကိုဂျယ်လီက ပြောသည်။
“ကမ္ဘာပေါ်မှာ မရိုးသားတဲ့ အတုအယောက်ရွေးကောက်ပွဲတစ်ခုမှာ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူး” ဟု ဂျယ်လီက ဆိုသည်။
မြန်မာရွေးကောက်ပွဲ ထိုင်းအပေါ် ဘယ်လိုသက်ရောက်မလဲ
“မြန်မာပြည်မှာ ဒီမိုကရေစီသာ မရဘူးဆိုရင် ထိုင်းမှာလည်း သက်ရောက်မှုတွေ အများကြီးရှိတယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေများလာမယ်။ ကျားဖြန့်လုပ်ငန်းတွေ မူးယစ်မှောင်ခိုလုပ်ငန်းတွေ ပိုကြီးပွားလာမှာပေါ့” ဟု Pongsak Chanon က ပြောသည်။
Pongsak Chanon သည် We Watch အဖွဲ့က ဒါရိုက်တာ တစ်ဦးဖြစ်ပြီး နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။
Pong ကိုယ်တိုင် နိုင်ငံပေါင်းသုံးဆယ်ကျော်၏ ရွေးကောက်ပွဲများကို စောင့်ကြည့်ဖူးပြီး မြန်မာရွေးကောက်ပွဲကဲ့သို့ ချွတ်ယွင်းချက်များစွာ ရှိနေသည်ကို သူမမြင်ဖူးသေးကြောင်း မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲသည် ရွေးကောက်ပွဲ စောင့်ကြည့်သူများ အသုံးပြုလေ့ရှိသော လွတ်လပ်သော ရွေးကောက်ပွဲ၏ အခြေခံမူငါးချက်ကို ချိုးဖောက်ထားသည်။
ရွေးကောက်ပွဲ စီမံခန့်ခွဲ့သူများ၏ လွတ်လပ်ခွင့်၊ တရားမျှတသော ရွေးကောက်ပွဲ ဥပဒေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လေ့လာခွင့်၊ နိုင်ငံရေးပြိုင်ဘက်များအတွက် မျှမျှတတ ဆက်ဆံမှု၊ လူထုပါဝင်မှု စသော အခြေခံမူငါးချက်ကို ချိုးဖောက်ထားသည်။
ယင်းချွတ်ယွင်းချက်များစွာရှိနေသော မြန်မာရွေးကောက်ပွဲက ထိုင်းနိုင်ငံအပေါ် အိပ်သွန်ဖာမှောက် ကျလာမည်ဖြစ်သည်။
မြန်မာပြည်သူ ၃ ဒသမ ၆ သန်းကျော်က ပြည်တွင်းတွင် စစ်ဘေးရှောင်နေရပြီး အချို့မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ၏ အစီအရင်ခံစာအရ သိရသည်။
မြန်မာပြည်တွင်း မငြိမ်မသက်မှုများက မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ပိုတိုးလာစေခဲ့ပြီး ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းတစ်ခုအနေဖြင့် အသုံးပြုနေကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီအရင်ခံစာအရ သိရသည်။
စစ်တပ်၏ ရွေးကောက်ပွဲမှတစ်ဆင့် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ စစ်အုပ်စုများကို ပိုအားကောင်းလာစေနိုင်ကြောင်း Pongsak က ပြောသည်။
“တကယ်လို့ စစ်ကော်မရှင်ကသာ ရွေးကောက်ပွဲကနေ တရားဝင် အာဏာပြန်ရသွားခဲ့ရင် အိမ်နီးချင်းက အာဏာပိုင်စစ်အုပ်စုတွေ ပိုမိုအားကောင်းလာစေနိုင်တယ်။ နောက်ထပ် ဒေသအတွင်းမှာ ဒီမိုကရေစီ အင်အား လျော့နည်းလာနိုင်တယ်” ဟု Pongsak က သတိပေးစကား ဆိုသည်။
မြန်မာစစ်တပ်၏ လုပ်ဆောင်ချက်များကို နိုင်ငံတကာအဖွဲ့များက ငြင်းဆန်နေပါက အရှေ့တောင်အာရှ၏ နိုင်ငံရေးအခင်းအကျဉ်းက ပိုမိုဆိုးရွားလာစေနိုင်သည်။
အထူးသဖြင့် မြန်မာစစ်တပ်က ရွေးကောက်ပွဲကို ကိရိယာတစ်ခုကဲ့သို့ အသုံးပြုပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေနိုင်ကြောင်း သတိပေးသည်။
အကယ်၍ ရွေးကောက်ပွဲ ပြီးမြောက်ခဲ့ပါက စစ်အုပ်စုအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့မှုများ ပိုမို လျော့နည်းလာနိုင်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်လာနိုင်ကြောင်း SEM အဖွဲ့က Wichai က ပြောသည်။
“ဒီလိုပြောလို့ အကောင်းဘက် ရောက်လာနိုင်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေက ပြည်သူတွေဆီ ရောက်ဖို့ ခဲယဉ်းပါတယ်။
အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုကောင်းလာနိုင်သလို အခွန်ကောက်ခံမှုစနစ်ကလည်း ပိုအားကောင်းလာနိုင်တယ်။ တစ်ဖက်မှာတော့ မြန်မာပြည်သူတွေရဲ့ ဒုက္ခဝန်ပိုးတွေကတော့ ပိုတိုးလာနိုင်တာပေါ့” ဟု SEM အဖွဲ့က Wichai က ဆိုသည်။
ရွေးကောက်ပွဲပြီးနောက် သတ္တုလုပ်ငန်း၊ သဘာဝဓါတ်ငွေ့နှင့် အခြားသယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောသည်။
ယင်းရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံကလည်း အဓိက ပါဝင်ပတ်သက်မှုများ ရှိနေသည်။
ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် စွမ်းအင်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ သဘာဝဓာတ်ငွေ့ ၁၁ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်းနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
“အချို့ထိုင်းလုပ်ငန်းရှင်တွေက ရွေးကောက်ပွဲက ထွက်ပေါက်တစ်ခုလို့ မှတ်ယူထားကြတယ်” ဟု ဒေါက်တာ Sirada က ပြောသည်။
အထူးသဖြင့် ထိုင်းကုန်ပစ္စည်းများသည် မြန်မာပြည်တွင်း ဝယ်လိုအား များနေဆဲဖြစ်သည်ကို ဒေါက်တာ Sirada က ထောက်ပြသည်။
“ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ရေရှည်ဆက်ဆံရေးတွေ တည်ဆောက်ထားကြတယ်။ ၂၀၁၀ ခုနှစ်အပြီးမှာ သူတို့ဆက်ဆံရေးတွေက ပိုပြီး ကျယ်ပြန့်လာတယ်။ ဒါကြောင့် အချို့စီးပွားရေးကဏ္ဍတွေ အတွက်တော့ ရွေးကောက်ပွဲက အခွင့်အရေးတစ်ခုလို့ မြင်နေကြတယ်။ အခုရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဘာမှမတူနေဘူး။ ဒီရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို ဦးတည်ထားတာမျိုးလည်း မရှိဘူး” ဟု ဒေါက်တာ Sirada က ဆိုသည်။
ရွေးကောက်ပွဲပြီးပါက သတ္တုတူးဖော်ရေး၊ မူးယစ်ဆေးထုတ်လုပ်ရေးနှင့် ကျားဖြန့်လုပ်ငန်းများကို လက်နက်ကိုင် အုပ်စုများ၏ ထိန်းချုပ်မှုများဖြင့် ဆက်ရှိနေကြမည်ဟု Sirada က ပြောသည်။
စစ်တပ်က ယင်းလက်နက်ကိုင်အုပ်စုများကို ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း အပြန်အလှန် အကျိုးစီးပွားအနေဖြင့် ဆက်ပက်သက်မှု ရှိနေမည်ဖြစ်သည်။
ထိုင်းနိုင်ငံကို ထိခိုက်စေနိုင်သော ပြဿနာများအတွက်မူ ပြင်းပြင်းထန်ထန် ဖြေရှင်းမှုများ ရှိမနေသေးကြောင်း ဒေါက်တာ Sirada က ပြောသည်။
“ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်တွင်းက နိုင်ငံရေးဦးဆောင်သူတွေ အားလုံးနဲ့ စကားပြောလို့ရတယ်။ ဒါပေမဲ့ သူတို့က ဒီအခွင့်အရေးကို ဘယ်တော့မှ အသုံးမချဘူး” ဟု ဒေါက်တာ Sirada က ဆိုသည်။
ထိုင်းနိုင်ငံရေးအဖွဲ့အစည်းများ၏ အားနည်းချက်ကြောင့် ထိုင်းအစိုးရ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ရပ်တည်ချက်က ဖြစ်လာမှသာ တုံ့ပြန်တတ်သလို ရှင်းလင်းပြတ်သားသော နိုင်ငံခြားရေးမူဝါဒလည်း မရှိပေ။။
အကြောင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းအကျိုးစီးပွားကိုသာ အာရုံစိုက်မှုများနေပြီး တစ်ဖက်တွင် မြန်မာပြည်တွင်း အခြေအနေက ထိုင်းနိုင်ငံအပေါ် တိုက်ရိုက် ရိုက်ခတ်မှု များစွာရှိနေသည့်အချက်အပေါ် အလေးထားမှု မရှိဟု ဒေါက်တာ Sirada က ပြောသည်။
“မြန်မာနိုင်ငံရေးထဲ ကြားမဝင်သင့်ဘူးလို့ ပြောတဲ့လူတိုင်းက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားများလာတာ၊ နယ်စပ်မှာ ဒုက္ခသည်တွေ များလာတာနဲ့ပတ်သက်ပြီး မကျေမနပ် ပြောတဲ့သူတွေဖြစ်နေတယ်။ ဒီပြဿနာတွေက တိုက်ရိုက်ပက်သက်မှုရှိနေတယ်လေ” ဟု ဒေါက်တာ Sirada က ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကလည်း အာဆီယံသဘောတူညီချက် အချက် ငါးချက်ကို သဘောတူကြောင်း ထပ်တလဲလဲ ပြောနေပြီး ရွေးကောက်ပွဲစောင့်ကြည့်ရေး ကိုယ်စားလှယ်ကို စေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ချက်ချထားသည်။
စစ်ကော်မရှင်က စီစဉ်ထားသော ရွေးကောက်ပွဲသည် လွတ်လပ်ခြင်းမရှိသလို ယုံကြည်စိတ်ချရမှုမရှိကြောင်း၊ လက်ရှိအခြေအနေအရ ထွက်လာမည့် ရလဒ်ကိုလည်း ထိုင်းနိုင်ငံအနေဖြင့် အသိအမှတ်မပြုကြောင်း သူက ထပ်လောင်းပြောထားသည်။
ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က တောင်းဆိုထားသည်။
သို့သော်လည်း ထိုင်းနိုင်ငံသည် နဂိုနည်းလမ်းအတိုင်း မြန်မာနိုင်ငံသို့ ချဉ်းကပ်သွားမည်ဖြစ်ပြီး အခြားအာဆီယံနိုင်ငံများထက် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားမည်ဟုလည်း လေ့လာစောင့်ကြည်သူများက အကဲဖြတ်ထားသည်။
ရွေးကောက်ပွဲမှတစ်ဆင့် စစ်ကော်မရှင်က နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် ရည်ရွယ်ချက်ရှိနေသဖြင့် နိုင်ငံတကာ ဖိအားများက အဓိက အရေးကြီးနေပြီး အမှန်တယ် အပြောင်းအလဲတစ်ခုကို ရွေ့သွားစေနိုင်ကြောင်း NUG အစိုးရ၏ ကိုနေဘုန်းလတ်က ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်ဘက်က နိုင်ငံတကာကို စစ်လော်ဘီများစွာ စေလွှတ်ထားပြီး ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာအဖွဲ့အစည်းများကြား လက်ခံပေးရန် စည်းရုံးလှုံ့ဆော်နေကြောင်း ကိုနေဘုန်းလတ်က ပြောသည်။
“ဒီအရာကို ကြည့်ချင်းအားဖြင့် စစ်တပ်က နိုင်ငံတကာ အသိအမှတ်ပြုမှု ဘယ်လောက် လိုလားနေတယ်ဆိုတာ ပြနေတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ကျွန်တော်ကတော့ တိုက်တွန်းတယ်။ နောက်ပြီး မြန်မာပြည်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ နီးနီးကပ်ကပ် စောင့်ကြည့်စေလိုတယ်” ဟု ကိုနေဘုန်းလတ်က ဆိုသည်။
အနာဂတ်ပျောက် လူငယ်များ
“ကျွန်မ အမြဲတမ်းပြောဖြစ်တယ်။ မြန်မာလူငယ်တွေရဲ့ ဘဝတွေက ၂၀၁၉ ကတည်းက ရပ်ကုန်ကြတာ။ အဲဒီနောက်ပိုင်း ဘယ်သူမှ တိုးတက်ဖို့ အခွင့်မသာတော့ဘူး။ ကိုဗစ်ကြောင့်ရော အာဏာသိမ်းခံရတာရောကြောင့်ပေါ့။ အဲတုန်းက ကျွန်မဆို ၁၄ နှစ်ပဲရှိသေးတယ်။ အခုထိ အဲဒီအသက်မှာပဲ ပိတ်မိနေတုန်းပဲ” ဟု ဆုက ပြောသည်။
ဆုက ထိုင်းတွင် တက္ကသိုလ်တက် ဘွဲ့ရပြီးပါက နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာဖွေရန် ရည်ရွယ်ထားသည်။
“အဲတုန်းက ကျွန်မတို့မှာ အိပ်မက်တွေ အများကြီးရှိခဲ့တယ်။ ပညာရေး တိုးတက်အောင်လုပ်မယ်။ တိုင်းရင်းသားလူနည်းစုတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်။ အဲလိုကူညီပေးမယ့် လူမှုရေးအလုပ်တွေ လုပ်ချင်တဲ့သူဖြစ်ခဲ့တယ်” ဟု ဆုက ဆိုသည်။
လက်ရှိအချိန်တွင်မူ မြန်မာပြည်သူအများစု နေရပ်မပြန်နိုင် ဖြစ်နေကြပြီး သူတို့၏ အနာဂတ်များ ဘယ်လို ဆက်ဖြစ်မလဲဆိုသည်ကိုမူ မသိတော့ဟု ဆုက မြန်မာပြည်လက်ရှိအခြေအနေကို တွေးဆ၍ ပြောသည်။
“ကျွန်မအိပ်မက်က နိုင်ငံကို တိုးတက်အောင် လုပ်ပေးချင်တာကနေ ကိုယ်တိုင်လွတ်မြောက်အောင်လုပ်ပြီး တစ်နေရာမှာ ဘဝအသစ်တစ်ခု စတင်ဖို့ဆိုပြီး ပြောင်းသွားပြီ။ ကျွန်မတို့လေ သာမာန်ဘဝလေးပဲ လိုချင်တော့တယ်။ မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း လုံလုံခြုံခြုံပေါ့။ အိပ်မက်တွေက ဒီလောက်နဲ့ ကျေနပ်လာကြတယ်။ ရိုးရိုးလေးပဲ ကိုယ့်အသက်တွေကို ကာကွယ်ချင်လာကြတယ်။ အရင်က မက်ဖူးခဲ့တဲ့ အိပ်မက်တွေလို မဟုတ်ကြတော့ဘူး” ဟု ဆုက ဆိုသည်။
စစ်တပ်က အာဏာဆက်ပြီးကိုင်ထားမည့် ရွေးကောက်ပွဲမျိုး မဖြစ်စေလိုဘဲ နိုင်ငံကို အသိဉာဏ်ရှိရှိ ဦးဆောင်နိုင်သူများ ပေါ်လာမည့် ရွေးကောက်ပွဲမျိုးကိုသာ လိုချင်ကြောင်း လူငယ်တစ်ယောက်ဖြစ်သော ဆုက ပြောသည်။
နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်ဟုဆိုသော စစ်တပ်၏ အခန်းကဏ္ဍက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဖြေတစ်ခု မဟုတ်ပေ။
နောက်မျိုးဆက်များအတွက် အရေးတကြီး လိုအပ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုများကို စစ်တပ်က မစွမ်းဆောင်နိုင်ကြောင်း ဆုက ယူဆသည်။
“စစ်တပ်ဆိုတာမျိုးက စီးပွားရေးလုပ်ဖို့ လမ်းကြောင်းပေးဖို့ မလေ့ကျင့်ပေးဘူး။ သူတို့က တိုက်ဖို့ပဲ သင်ကြားခဲ့တာ။ အခုကြည့်လေ ကိုယ့်ပြည်သူကို ပြန်တိုက်နေပြီ။ နောက်ထပ် မသမာတဲ့ ရွေးကောက်ပွဲကို အသုံးချပြီးတော့ တရားဝင်မှုရအောင် လုပ်နေကြပြန်ပြီ” ဟု ဆုက ဆိုသည်။
မူရင်းထိုင်းဘာသာကို Parachai တွင် ဖတ်ရှုနိုင်သည်။
ယခုဆောင်းပါးသည် ANFREL Media Fellowship အစီအစဉ်ဖြင့် ထိုင်းသတင်းထောက် Nathaphob Sungkate ရေးသားထားပြီး Prachatai သတင်းဌာနတွင် ဖော်ပြထားသည်ကို ဘာသာပြန်၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။







