ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲနီးချိန် ထားဝယ်ကို စစ်မီးမြှိုက်လာသည့် စစ်အုပ်စု

December 13, 2025

စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်သာလိုတော့ချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပတ်ပတ်လည်၌ တိုက်ပွဲများ ပြင်းထန်လာနေသည်။

ထားဝယ်မြို့မှ မြောက်ဘက်ရှိ ရေဖြူမြို့နှင့် တောင်ဘက်ရှိ လောင်းလုံးမြို့နယ်အနီးဝန်းကျင်တို့တွင် တော်လှန်ရေးအဖွဲ့များ ၏ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက် ရှိသည်။

ထို့အပြင် မြို့၏အရှေ့ဘက်ခြမ်း ဝင်ပေါက်မှ တော်လှန်ရေးတပ်များ ချဉ်းကပ်လာနိုင်သည်ဟု ယူဆရသည့် ကျေးရွာချင်းဆက်တံတား ငါးခုကိုလည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်အာဏာရှင်တပ်က ဖျက်ဆီးပစ်ခဲ့သည်။

ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် အားခဲထားသည့် စစ်အုပ်စုက ရွေးကောက်ပွဲ အထိအခိုက်မရှိစေရန် ပြည်သူလူထု၏ အသက်အိုးအိမ်စိမ်းစည်များကို ရန်ပြုကာ အသည်းအသန် ကြိုးပမ်းနေသည်။ စစ်အုပ်စု၏ ထားဝယ်မြို့နယ် ရွေးကောက်ပွဲခြေလှမ်းက မည်သို့ ရှိနေပါသနည်း။

စစ်အုပ်စု ရွေးကောက်ပွဲအခြေအနေ

စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပမည်ဖြစ်ပြီး ထားဝယ်ခရိုင်ရှိ လေးမြို့နယ်အနက် ထားဝယ်မြို့နယ်တစ်ခုတည်းသာ အပိုင်းတစ်တွင် ပါဝင်မည်ဖြစ်သည်။

အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် စာရင်းများအရ ထားဝယ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၄၃ အုပ်စု ရှိသည့်အနက် ၂၀ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကျင်းပနိုင်သည့် ၂၃ နေရာတွင် ထားဝယ်မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်နှင့် မြို့အနီးဝန်းကျင် ကျေးရွာအုပ်စု ရှစ်စုသာ ဖြစ်သည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့်ကျေးရွာများအထဲတွင် ထားဝယ်မြို့မှ ၄ မိုင်ခန့်အကွာရှိ တလိုင်းတောင်ကျေးရွာအုပ်စုနှင့် ၇ မိုင်ခန့်အကွာရှိ မောင်မယ်ရှောင်ကျေးရွာအုပ်စုတို့လည်း ပါဝင်သည်။

ယင်းအပြင် ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်အကွာ စစ်ဗျူဟာကုန်းရှိသော မေတ္တာမြို့ရှိ ရပ်ကွက် ၄ ရပ်ကွက်နှင့် အနီးအနား ကျေးရွာအချို့တွင်လည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ရွေးကောက်ပွဲကျင်းပနိုင်သည့် ဧရိယာမှာ ထားဝယ်မြို့နယ်တစ်ခုလုံးရှိ ရပ်ကွက်ကျေးရွာစုစုပေါင်း၏ ၅၄ ရာခိုင်နှုန်းတွင်သာ ‌ကျင်းပနိုင်မည်ဖြစ်သည်။ ယင်း ၅၄ ရာခိုင်နှုန်းတွင်လည်း မြို့ပေါ်ရပ်ကွက် အများစုဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး

စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်အမျှ တော်လှန်ရေးတပ်များ၏ ထားဝယ်မြို့အနီး ချဉ်းကပ်လာနိုင်ခြေရှိမှုကို တားဆီးရန် လုံခြုံရေးအစီအမံများကို တိုးမြှင့်ချမှတ်ထားသည်။

အရှေ့ဘက်မှ ဝင်ပေါက်ဖြစ်သော ထားဝယ်-သရက်ချောင်းသွား ကားလမ်းဘေးရှိ ကျေးရွာချင်းဆက်တံတား လေးစင်းကို ဒီဇင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖျက်ဆီးခဲ့သည်။

ယင်းတံတားများမှာ ရှင်မုတ္ထီးရွာနှင့် ရောင်းမော် ကျေးရွာချင်းဆက်လမ်းရှိတံတား၊ ရောင်းမော်-ဆေးဖြတ်ကုန်းရွာချင်းဆက် တံတား၊ ရောင်းမော်- သဲတော-ကင်းရှေ့-စော်ဖျားရွာများ ဆက်သွယ်ထားသည့် တံတားနှင့် ထားဝယ်မြို့နှင့် ရှမ္မတွင်းရွာသွား လမ်းရှိ သစ်လုံးတံတားတို့ဖြစ်သည်။

ယင်းအပြင် ဒီဇင်ဘာလ ၆ရက်တွင်လည်း ထားဝယ်မြို့အနီးဝန်းကျင်က တောနားနှင့် ၀မော်ကျေးရွာကြား တံတားငယ်တစ်စင်းကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ထိုကဲ့သို့ တံတားများဖျက်ဆီးခြင်းဖြင့် တော်လှန်ရေးတပ်များ ဆိုင်ကယ်၊ ကားတို့ဖြင့် ထားဝယ်မြို့အနီးသို့ ချဉ်းကပ် မလာနိုင်စေရန် ရည်ရွယ်ပုံရသည်။

စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ဘက်သို့ ခြေလျင်စစ်ကြောင်းများ စေလွှတ်ကာ ကျေးရွာများတွင် တပ်စွဲထားသည်။

မြို့အ‌ရှေ့ဘက်ခြမ်းရှိ ထားဝယ်-သရက်ချောင်း ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရှင်မုတ္ထီးရွာ (မြို့နှင့် ၇ မိုင်ခန့်အကွာ) တွင် ဒီဇင်ဘာ ၁ ရက်မှစ၍ တပ်စွဲထားသည်။ သင်္ကျွန်းရွာတွင် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ တပ်စွဲပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည်။

မြို့အနောက်ဘက်ခြမ်းရှိ ထားဝယ်-လောင်းလုံးသွားလမ်းပေါ်ရှိ မြို့နှင့် ၁၆ မိုင်ခန့်အကွာ လောင်းလုံးမြို့အနီး ညင်းမော်ကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက်ကတည်းက တပ်စွဲနေရာယူထားသည်။

ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကြောင်းများသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များတွင် ဝင်ရောက်နေထိုင်ကြပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးလေ့ရှိသည်။

ဤလုံခြုံရေးအစီအမံများကို ကြည့်ခြင်းဖြင့် စစ်အုပ်စုသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲဧရိယာကို လုံးဝအထိခံမည် မဟုတ်ကြောင်း မှန်းဆနိုင်သည်။

တိုက်ပွဲပြင်းထန်လာခြင်း

ယင်းသို့ အထိမခံရန် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကျင်းပမည့် ဧရိယာပတ်ပတ်လည်ရှိ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကြောင်းများနှင့် တော်လှန်ရေးအဖွဲ့တို့အကြား ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍ အကြိမ်ကြိမ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်းနှင့် တိုက်ပွဲမရှိသည့် အချိန်များတွင်ပါ စစ်အာဏာရှင်တပ်က တာဝေးပစ်အမြောက်များ၊ စစ်သင်္ဘောက အမြောက်များဖြင့် ညင်းမော်ရွာပတ်ဝန်းကျင်ကို မကြာခဏ ပစ်ခတ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်တွင်မူ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ရေဖြူမြို့အား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း မြို့နယ်ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆေးရုံဟောင်းနေရာ၊ သစ်တောရုံးနှင့် ဝန်ထမ်းအိမ်ရာတို့ကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ထားဝယ်ခရိုင်ရှိ နဘုလယ်ဒေသ၊ ယင်းဧရိယာနှင့် ဆက်စပ်နေသည့် ဇာဒီကျေးရွာအုပ်စုတို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်။

‌ဒေသခံများ ထိခိုက်မှု

ရွေးကောက်ပွဲအကြိုကာလ တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများနှင့် ဖမ်းဆီးခံရမှုများ ကြုံတွေ့နေရသည်။

ညင်းမော်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အနည်းဆုံး နေအိမ်လေးဆောင် လုံးဝပျက်စီးသွားခဲ့ပြီး ငါးဆောင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။

ထားဝယ်-သရက်ချောင်းလမ်းပိုင်းရှိ သင်္ကျွန်းရွာတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ညင်းမော်ကျေးရွာအနီးမှ ဒေသခံထောင်ချီသည် ရော်ဘာနှင့် လယ်လုပ်ငန်းများကို စွန့်ပစ်ကာ တိမ်းရှောင်နေကြရသည်။ သင်္ကျွန်းရွာအနီးဝန်းကျင် ကျေးရွာ ၆ ရွာမှ ဒေသခံများလည်း ထွက်ပြေးနေကြရသည်။

အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်က ဒေသခံ ငါးဦးထက်မနည်း ဖမ်းဆီးထားပြီး နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထားဝယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ငါးစင်း ဖျက်ဆီးခံထားရသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည့် မြန်မာ့နိုင်ငံရေးပြဿာနာများကို ဖြေရှင်းပေနိုင်မည်မဟုတ်ဘဲ ပိုမို၍ပင် ဆိုးရွားသွားနိုင်သည်ဟု နိုင်ငံတကာအသိုက်အဝန်းက ထောက်ပြနေသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ပြည်သူလူထု ကောင်းကျိုးအတွက်မဟုတ်ကြောင်းကို ရွေးကောက်ပွဲနီးလာချိန် စစ်မီးမြှိုက်နေသည့် စစ်အာဏာရှင်တစ်စု၏ လုပ်ရပ်များက သက်သေပြနေပြီဖြစ်သည်။