တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်သည် ဘန်းလမွတ်ရွာမှ တောလမ်းအတိုင်း စစ်ကြောင်း ထိုးလာသဖြင့် ညောင်ပင်ကုန်းရွာအနီးတောထဲတွင် တော်လှန်ရေးတပ်များနှင့် မိနစ်၃၀ခန့် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နေ့လယ် ၁၂နာရီဝန်းကျင်တွင် ရမ်းဖိုရွာတွင်လည်း တောလမ်းအတိုင်း စစ်အာဏာရှင်တပ်သားများ စစ်ကြောင်း ထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“မိန်းလမ်းမမှာတပ်စွဲထားတဲ့ တပ်သားတွေနဲ့ လမ်းကင်းတွေ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တယ်။ သူတို့ (စစ်အာဏာရှင်တပ်) ဘက်က အနာ (ထိခိုက်တာ) တွေရှိတယ်။ တော်လှန်ရေးတပ်က ထိခိုက်မှုမရှိဘူး” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သည် ပြည်ထောင်စုလမ်းရှိ ရမ်းဖိုရွာ၊ ညောင်ပင်ကုန်းရွာနှင့် ဘန်းလမွတ်ရွာ စစ်ဆေးရေးဂိတ် သုံးခုတွင် စစ်ဆေးမှုတင်းကျပ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင် စစ်ဆေးရေးဂိတ်တွင် တိုက်ပွဲမဖြစ်ခင်ချိန်က ကားများကိုသာ စစ်ဆေးပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ယာဥ်မှန်သမျှကို စစ်ဆေးကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲအတွင်း လက်နက်ကြီးတွေက ပစ်နေတာပဲ။ ညနေဘက်ကျတော့ အမြောက်တပ်ကနေ အရပ်ကားတွေ ဆင်းလာပြီး ထိခိုက်သူတွေ လာသယ်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
တနင်္သာရီမြို့ အောက်ကင်းရွာအခြေစိုက် ၅၅၇ ခြေမြန်တပ်ရင်းရှေ့တွင်လည်း ခရီးသွားများကို စစ်ဆေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်အာဏာရှင်တပ်က မြိတ်မြို့မှ တနင်္သာရီမြို့သို့ ပို့ဆောင်မည့် ရိက္ခာ ကား ခုနစ်စီးကိုလည်း ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၁၀နာရီဝန်းကျင် ညောင်းပင်ကုန်းရွာအနီး၌ တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။







