အာဏာသိမ်းပြီး ၅ နှစ်နီးပါးကြာလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူလယ်သမားများ၊ ဥယျာဉ်ခြံ လုပ်ကိုင်သူများမှာ လှုပ်လေမြုပ်လေ အခြေအနေမျိုးဖြင့် ရင်ဆိုင်နေကြရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန်တွင် လုပ်လက်စ အလုပ်များပစ်ချကာ နေရပ်စွန့်ခွာ ထွက်ပြေးကြရ ပြီး စစ်ကြောင်းပြန်သွားချိန်မှသာ သက်ဆိုင်ရာ ဥယျာဉ်ခြံများ၊ လယ်ယာလုပ်ငန်းခွင်များကို ဝင်ရောက်လုပ် ကိုင်ကြရပြန်သည်။
လက်ရှိကာလကဲ့သို့ ပွင့်လင်းရာသီ၌ စပါးရိတ်သိမ်းခြင်း၊ ရာဘာခြစ်ခြင်း၊ ကွမ်းသီးခူးခြင်း စသဖြင့် လုပ်ကိုင်နေကြချိန်တွင် စစ်ကြောင်းဝင်လာပါက ဆုံးရှုံးမှုများစွာ ကြုံတွေ့ကြရသည်။
အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ဓာတ်ဆီ၊ဒီဇယ်ဆီ၊ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး အစရှိသော သွင်းအားစုများ စျေးကြီးပေးဝယ်ကြရသလို လုပ်အားခစျေးမှာလည်း အလွန်မြင့်မားလှသည်။
ယင်းကြောင့် ဥယျာဉ်ခြံရှင်များ၊ လယ်ယာရှင်များမှာ ရှိသမျှငွေကြေး စိုက်ထုတ်ကာ လုပ်ကိုင်ကြသော်လည်း ရိတ်သိမ်း၊ဆွတ်ခူးချိန်တွင် စစ်ဘေးကြောင့် ဆုံးရှုံးမှုများ ရင်ဆိုင်ကြရသည်။
ယင်းအပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျသည်မျိုး ကြုံတွေ့ကြရသလို စျေးကောင်းမရသဖြင့် ထုတ်လုပ်မှုစရိတ် မကာမိသည့် အခြေအနေမျိုးလည်း ကြုံတွေ့နေကြရသည်။
ယခုစပါးပေါ်ချိန်တွင်လည်း (ဆန်ကြမ်း)စပါးစျေးတစ်တင်းလျှင် ကျပ်ရှစ်ထောင်ခန့်သာ ရှိသည်ဖြစ်ရာ လယ်သမားများမှာ အရှုံးဖြင့် ရင်ဆိုင်နေကြရသည်။
ဆန်စျေးမြင့်နေသော်လည်း စပါးစျေးကျဆင်းရခြင်းမှာ စစ်ကော်မရှင်က ဒေသတွင်း တစ်နေရာမှတစ်နေရာကို ဆန်၊စပါးသယ်ယူခွင့် ပိတ်ထားခြင်း၊ စစ်ကြောင်းဝင်ချိန် မီးရှို့ခံရမည်စိုးသဖြင့် မလှာင်ထားရဲဘဲ ရရာစျေးဖြင့် ရောင်းချရခြင်း တို့မှာ အဓိကကျသည့် ပြဿနာများဖြစ်သည်။
ယင်းသို့သော အခြေအနေအမျိုးမျိုးကို တောင်သူလယ်သမားများ ကြုံတွေ့နေကြရသော်လည်း ဥယျာဉ်ခြံများ၊ တောင်ယာလုပ်ငန်းခွင်များကို မစွန့်လွှတ်ဘဲ ရသည့်နည်းဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။
ယင်းကြောင့် လှုပ်လေမြုပ်လေ ဘဝရောက်နေသော ဥယျာဉ်ခြံလုပ်ကိုင်သူများ၊ လယ်ယာလုပ်ငန်းသူများ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“ကွမ်းသီးတွေ ကောက်ခွင့်မရဘူး……စစ်အာဏာရှင်တပ်သားတွေ ကောက်ရောင်းနေကြတယ်”
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ ကွမ်းခြံရှင် ဒေသခံတစ်ဦး
DW ။ စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် စစ်ကြောင်းထိုးတော့ ဥယျာဥ်ပိုင်ရှင်တွေအနေနဲ့ ဘာတွေ ရင်ဆိုင်လိုက်ရလဲ။
ဖြေ ။ ကွမ်းသီးတွေ ကောက်ခွင့်မရဘူး။ ရွာထဲမှာ ဆိုရင် သွားကောက်လို့မရဘူး။ စစ်အာဏာရှင်တပ်သားတွေ ကောက်ရောင်းနေကြတယ်။ကွမ်းသီးတွေရော၊အုန်းသီးတွေရော ကောက်ရောင်းကြတယ်။ခြံပိုင်ရှင်တွေ အနေနဲ့ ကောက်လို့မရဘဲ သူတို့ကောက်ရောင်းနေတဲ့ အနေထားတွေရှိနေတယ်။
DW ။ ကွမ်းသီးကောက်ချိန် ကွမ်းသီးမကောက်ရတော့ ကွမ်းခြံသမားတွေ ဘယ်လိုတွေ ဖြစ်ကုန်လဲ။
ဖြေ ။ မကောက်ရတော့ ကွမ်းသီးတွေ ဆုံးရှုံးကုန်တယ်။ ဒါပေမဲ့ ဥယျာဥ်တိုင်းတော့ မဟုတ်ဘူး။ အနည်းကျဥ်းငယ်လောက်ပဲ။တစ်ချို့ ဥယျာဥ်တွေဆိုလည်း ဒရုန်းနဲ့ လာချတယ်။ဒရုန်းသံနားထောင်ပြီး ဒရုန်းလာရင်လည်း လုပ်နေဟာ ပစ်ချပြီးပြေးကြတယ်။ ဒရုန်းမလာဘူး ဆိုရင် ထွက်ကောက်ကြတယ်။
DW ။ ကိုယ်ရဲ့အနီးဝန်းကျင်က ခြံတွေမှာရော ဘာတွေစိုက်နေကြလဲ။ ဘာတွေဖြစ်နေကြလဲ။
ဖြေ ။ လက်ရှိက ကွမ်းစိုက်သူတွေများတယ်။ အုန်းသီးစိုက်သမားတွေက နည်းတယ်။ ဒရုန်းလာကျတော့ ဒရုန်းထိပြီး ကွမ်းပင်တွေ သေကုန်တယ်။အိမ်နဲ့နီးတဲ့ ခြံတွေက ကောက်လို့မရဘူး။
DW ။ ကွမ်းသီးကောက်မရတော့ ဘာအခက်ခဲတွေ ကြုံကုန်လဲ။
ဖြေ ။ ရွာထဲ မှာရှိတဲ့ ခြံတွေက နည်းတယ်။တော၊တောင်တွေထဲမှာက ခြံတွေများတော့ ရွာထဲမှာရှိတဲ့ ခြံတွေက ဒရုန်းနှင့်လက်နက်ကြီးကို ကြည့်ပြီး (သီးနှံ)ကောက်နေရတယ်။
“ စစ်ကြောင်းဝင်လာရင်ပြေး တောထဲမှာအလုပ်မရှိဘဲ သွားထိုင်စားပေါ့”
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ နေအိမ်မီးရှို့ခံရဖူးသည့် ဝကုန်းရွာက ကွမ်းသီးခြံရှင်
DW ။ အစ်မတို့အခုကွမ်းသီးလုပ်နေတဲ့ ရာသီမှာစစ်ကြောင်းထိုးနေတာရှိလား။
ဖြေ ။ စစ်ကြောင်းက ပကာရီရောက်နေတယ်လို့တော့ ပြောတာပဲ။ ဒီဘက်ကိုတော့ ဘယ်တော့ စစ်ကြောင်းထိုးလာမလဲ မသိသေးဘူး။ ရမ္မဇူမှာ ကျောင်းသားအားကစားပွဲတွေလုပ်နေလို့ပဲ မထိုးသေးတာလား မသိဘူး။ ခန့်မှန်းကြည့်တာပေါ့နော်။ အခုမှ မိုးပြတ်လို့ ကျွန်မတို့မှာ ပထမတစ်သုတ်ပဲ ဆွတ်ခူးရသေးတယ်။ ကွမ်းသီးဆွတ်သမား ခူးသမား အပင်တက်သမားမရှိလို့ သူများအလှည့်ပြီးမှ ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတာနဲ့ နောက်ကျနေတာ။
DW ။ စစ်ကြောင်းထိုးလာချိန်ဆို ကွမ်းသီးလုပ်ငန်းတွေ နားလိုက်ရလား။
ဖြေ ။ စစ်ကြောင်းထိုးလာချိန်ဆို ကွမ်းသီးခြောက်လုပ်ထားတဲ့ဟာတွေ တစ်နေလှန်း နှစ်နေလှန်းထားလည်း မြို့ပေါ်က ပွဲရုံကို ပို့ရင်ပို့ မပို့ရင် တောထဲကို တစ်ပါတည်းယူပြေးရတယ်။ ခွဲပြီး လှမ်းထားတဲ့ဟာတွေဆိုလည်း ထော့ထုတ်(ကလော်ထုတ်)မရသေးရင် ဒီအတိုင်းပဲ ထားပစ်ခဲ့တယ်။ ထော့ထုတ်လို့ရတဲ့ ကွမ်းခြမ်းတွေဆိုလည်း ဆာလာအိတ်တွေနဲ့ ထည့်ပြီး ကားနဲ့ တင်ပြေးပေါ့။ တောထဲမှာပဲ ကွမ်းသီးထော့ရတာတွေ ထော့၊ စစ်ဘေးရှောင်ရင်း အဲ့မှာပဲ ဥယာဉ်ခြံထဲမှာပဲ ကွမ်းသီးထော့ကြတယ်။ ကွမ်းသီးအိတ်တွေပါ ယူယူပြေးရတော့ စရိတ်က တအားထောင်းတယ်။ စစ်ကြောင်းပြန်ပြီဆို တစ်ခါပြန်သယ်လာ။ ကားခ တင်ခပို့ခနဲ့ကို မလွယ်ဘူး။ မသယ်လို့ကလည်း မဖြစ်ဘူးလေ။ စစ်ကြောင်းဝင်လာရင် ပျောက်တာကိုး၊ ဘယ်သူခိုးလို့ ခိုးမှန်းမသိဘူး။ စစ်တပ်ပဲ ခိုးလား ရွာသားပဲ ခိုးလားဆိုတာ မသိဘူး။ အဲ့ဒါကြောင့် စစ်ကြောင်းဝင်လာနေပြီဆို ကြားရင် ၂ ရက်လောက်ကြိုပြီး ရောင်းရတာဆို ထားဝယ်မြို့ပေါ်က ပွဲရုံကို ပို့၊ ရောင်းမရတာဆို သယ်ပြီးတော့ ပြေးပေါ့။ ကိုယ့်အဝတ်စားတွေလည်း သယ်ချင် စားရိက္ခာလည်းသယ်ချင် ကွမ်းသီးလည်းသယ်ချင်နဲ့ စရိတ်ကမလွယ်ဘူး။
DW ။ အဲလိုဆို တစ်နေလှန်း နှစ်နေလှန်း ကွမ်းသီးတွေက ဈေးကောင်းရပါဦးမလား၊ ပြီးတော့ ခွဲထားတဲ့ ကွမ်းသီးခြမ်းတွေရော နှင်းထဲထားပစ်ခဲ့ရင် မပျက်ကုန်ဘူးလား၊ ပျက်ကုန်ရင် ဈေးကောင်းမရတော့ဘူး ပြောကြတယ်။
ဖြေ ။ ကိုယ်လိုတဲ့အတိုင်းတော့ မရတော့ဘူး။ စစ်ကြောင်းဝင်ချိန်ဆို အဆင်ပြေသလိုလုပ်နေရတာပေါ့၊ စစ်ကြောင်းဝင်လာရင်ပြေး တောထဲမှာအလုပ်မရှိဘဲ သွားထိုင်စားပေါ့။ ကားလမ်း ပိတ်ချလိုက်ပြီဆိုရင် ကိုယ့်ကွမ်းသီးတွေ သယ်ပြီးပြေးပေါ့၊ ထားရစ်ရလဲ နှမျောတယ်လေ။ ယူပဲ ယူသွားကြမလား၊ ဘယ်လိုလုပ်ခဲ့မလဲမသိဘူးလေ။ သဲပြင်မှာလှမ်းထားတဲ့ဟာဆို တော်ရုံနဲ့မလုပ်ကြဘူး၊ အသားထုတ်ထားတဲ့ ခွဲခြမ်းဆို အိတ်လိုက်ထားထားရင် သယ်ရလွယ်တာကိုး၊ စစ်ကြောင်းလာပြီဆိုရင် ပျောက်ရင် ဘယ်သူ့ကို ယိုးမယ်ဖွဲ့ရမယ်မသိဘူး။
DW ။ ဒါဆိုအစ်မတို့မှာ စစ်ကြောင်းဝင်လာပြီဆိုရင် လူရောကွမ်းသီးရော စစ်ရှောင်နေရတယ်ပေါ့။
ဖြေ ။ ရှင့် ကိုယ့်စားရိက္ခာရော အဝတ်စားရော စောင်ခေါင်းအုံးရော အားလုံးသယ်ရတာ ဘာမှမကျန်ဘူး။ ကွမ်းသီးလည်း သယ်ချင်တယ်။ ကျွန်မတို့ စစ်ဘေးရှောင်နေတဲ့ ဥယျာဉ်ခြံလမ်းက ကားလမ်းပေါက်တယ်။ ၂၀၂၀ တုန်းက ကားလမ်းဖောက်ထားတယ်၊ ၂၀၂၁ ဆိုတာနဲ့ ပြေးရတာပဲ။
DW ။ စရိတ်ပိုကုန်ကျများတယ်ဆိုရင် ကွမ်းသီးဈေးမရှိရင် မကိုက်ဘူးပေါ့နော်။
ဖြေ ။ ရှင့် နှစ်တိုင်းဆို နေ့စားငှားခက တစ်ယောက်ကို တစ်သောင်းခွဲ နှစ်သောင်းပဲ၊ အခုက မိန်းမ နေ့စားခတောင် ၂၅၀၀၀ ယောကျ်ား ကွမ်းသီးအိတ်ထမ်းတဲ့သူဆို တရက်လုပ်အားခ လေးသောင်းပေးရတယ်။ ကျွန်မတို့မှာ ကိုယ့်တူတွေသားတွေ ကျောင်းသားတွေကိုပဲပြန် ခေါ်ရလို့ သုံးသောင်းနဲ့ ရတယ်။ ခွဲခကလည်း မိန်းမနေ့စားခ ၂၅၀၀၀ ထော့ခက ကွမ်းသီးခွဲခြမ်း တစ်ပြည်ကို ၇၀၀ ပေးရတယ်။ တချို့တွေ တပြည် ၁၀၀၀ နဲ့ ငှားရတယ်။ ကွမ်းပင်တက်ခကလည်း နေ့စားခ ခြောက်သောင်းယူတယ်။ နေ့စားမဟုတ်ရင် ကွမ်းသီး တစ်သိန်းကို တက်ခ ငါးသိန်း၊ ကွမ်းသီး အလုံးရေ တစ်သောင်းကို ငါးသောင်းပေးရတယ်။ အခု ကွမ်းသီးဈေးကတပိသာကို ၁၃၅၀၀ တဲ့ ပြောတယ်။ သိုထားတော့ ရတယ်။ လူကိုပဲ ပြေးပြေးလွှားလွှားဖြစ်နေတာ။ သိုဖို့မပြောနဲ့ အခုက အလုပ်သမားခပေးလိုက် ကိုယ်စားလိုက်နဲ့ သိုဖို့နားတောင်မရောက်ဘူး။
DW ။ အမတို့ ဝကုန်းက အိမ်တွေမီးရှို့ခံရတုန်းကရော ကွမ်းသီးတွေ မီးထဲပါသွားသေးလား။
ဖြေ ။ ပါတယ်။ နေလှန်းပြီးသားတွေ အိမ်ပေါ်မှာ ဖြန့်ထားတာလည်းရှိတယ်။ ခေါင်မိုးပေါ်မှာ ဖြန့်လှန်းထားတာတွေလည်းရှိတယ်။ အိမ်ပေါ်မှာ အိတ်လိုက် အိတ်လိုက် ထည့်ထားတာတွေလည်းရှိတယ်။ ပိဿာချိန် အချိန် ၁၀၀ တော့မပြည့်ဘူး။ အခုဆို နေပူနေတုန်း လုပ်၊ စစ်ကြောင်းဝင်လာရင်ပြေး၊ အလုပ်သမားပေး ကိုယ်စား ရိက္ခာဝယ်။ သိုထားတဲ့အဆင့်ကိုမရောက်ဘူး။
“ကွမ်းသီးတွေခူး စစ်ကြောင်းဝင်လာရင် အခြားရွာတွေကိုသယ်ပြီး လုပ်ကြရတယ်”
ရေဖြူမြို့နယ်၊နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦး
DW ။ လက်ရှိ ဒေသထွက်ကုန်တွေ စပေါ်နေတဲ့ အချိန်မှာ စစ်ကြောင်းက လူဦးရေစာရင်းတွေလိုက်ကောက်နေတော့ ဘယ်လိုအခြေအနေတွေရှိနေလဲ။
ဖြေ ။ ပြေးရင်လွားရင်းနဲ့ပဲလုပ်နေကြရတယ်။ အခုဆိုရင် စပါးရိတ်တဲ့အချိန်၊ သူတို့လာရင်စက်တွေ အကုန်ထားခဲ့ပြီး လူတွေ အကုန်ပြေးရတာပေါ့။ရာဘာကျတော့ သိပ်အဆင်မပြေဘူး၊သူတို့လာတဲ့အချိန်မခြစ်ကြရဘူး နားလိုက်ရတယ်၊ကွမ်းသီးဆိုလည်း အခြောက်အထိလုပ်နေလို့အဆင်မပြေတော့ အလုံးလိုက်ရောင်းလိုက်ရတာများတယ်။
DW ။ ဒါဆိုရင်ရာသီပေါ်စမှာ စပါး၊ကွမ်းသီးဈေး၊ရာဘာဈေးနှုန်းတွေကရော ဘယ်လိုခြေနေရှိလဲ ။
ဖြေ ။ ကွမ်းသီးနဲ့ရာဘာက သိပ်မဆိုးဘူးလို့ပြောရမယ်။ စပါးကျတော့ မရဘူး ဈေးထိုးကျနေတယ်။ ကွမ်းသီးခြောက်တစ်ပိဿာ ၁၅၀၀၀ရှိတယ်၊ရာဘာ တုံးတစ်ပိဿာ ၄၅၀၀၊တစ်ပေါင်ကို ၂၅၀၀ လောက်ပေါက်ဈေးရှိတယ်။စပါးကျတော့ တစ်ဿာင်းကျော်ကျော်လေးပဲ၊ မနှစ်ကဆိုရင် တစ်တင်းကို နှစ်သောင်းနီးပါး တောင်ရတာ။
DW ။ စပါး ဈေးကျတော့ လယ်သမားအများစု အခြေအနေကဘယ်လိုရှိလဲ။
ဖြေ ။ တစ်ချို့ကလည်းအိမ်မှာသယ်ထားကျတယ်၊စပါးဈေးမကောင်းလို့ ၊အရင်ကဆိုသလင်းထဲမှာပဲ ပေါက်ဈေနဲ့ အလုအယက်ဝယ်ကျတယ်၊ အခုက လာဝယ်မယ့်သူ တောင်မရှိဘူး၊၊ဝယ်မယ့်သူကျတော့လည်း ဈေးနှိမ်တယ်။၊ထုတ်ရောင်းလိုက်ရင်လည်း စရိတ် နဲ့ မကာမိတော့ အကုန်ရှုံးနေရမယ့်အခြေအနေ၊တစ်ချို့ ငွေ ပေါ်မြန်လိုတဲ့သူတွေကတော့ လယ်ထဲမှာကတည်းကိုက စက်ရှင်တွေ နဲ့ ချိတ်ပြီး ရောင်းလိုက်တာ တွေရှိတယ်၊စစ်ကြောင်းဝင်လာပြီးတိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတဲ့သူတွေကျ အဲဒီလိုရောင်းလိုက်ကြတယ်။ ဒါပေမဲ့လည်း ဒီ နှစ်စပါးဈေးကျတော့ အိမ်မှာသိမ်းထားသူတွေများပါတယ်။
DW ။ တစ်ခြား ဒေသထွက်ကုန်သီးနှံတွေကျတော့ရော့ ဘယ်လို လုပ်နေကြတာလဲ။
ဖြေ ။ ကွမ်းသီးက ဈေးလေးရတော့ မနှစ်ကလောက်တော့မဆိုးဘူး၊ဒါပေမဲ့သိပ်မရှိဘူး။တစ်ချို့ကွမ်းသီးနုရာသီကတည်းက ရောင်းကျတယ်၊တစ်ချို့ အလုံးလိုက်ရောင်းကျတယ်၊ကွမ်းသီးအခြောက်လုပ်သူတွေကျတော့နည်းသွားပြီ၊လူမရှိတာ ကြောင့်လည်းဖြစ်မယ် ။ပြည်ပကိုထွက်ခွာသွားသူတွေများတယ်လေ၊ရာဘာကျတော့လည်း အဝေးကခြံရှင်တွေဆိုရင် ဒေသအခြေအနေကြောင့် ဒီဘက်ကို လာပြီး ကိုယ်ခြံကို လာမကြည့်နိုင်ကြဘူး။လူသမားနဲ့ သူတစ်ဝက်ကိုယ်တစ်ဝက်ပေါ့၊ရာဘာလုပ်သမားတွေကလည်း ပြေးပြေးလွားလွားလုပ်ကြရတယ်၊အခြေအနေမကောင်းရင် ကော်ရည်ဖျက်ပြီး ဘေးကင်းတဲ့ အခြားရွာတွေကို သယ်ဆောင်ပြီးလုပ်ကြတယ်။တစ်ချိုကွမ်းသီးခြံရှင်တွေဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကွမ်းသီးတွေခူး စစ်ကြောင်းဝင်လာရင် အခြားရွာတွေကိုသယ်ပြီး လုပ်ကြရတယ်။
DW ။ ဒီလိုမတည်ငြိမ်မှုတွေဘာကြောင့်ဖြစ်တယ်ထင်လဲ၊ ဘာပြောချင်တာရှိလဲ။
ဖြေ ။ အဓိကတည်ငြိမ်မှုမရှိတာရယ်၊စစ်ပွဲအခြေအနေတွေကြောင့်ပေါ့၊အရင်က ကိုယ်ဒေသမှ ညဖက်ဆိုလည်းရာဘာခြစ်ကြတယ်၊ဘာမှစိုးရိမ်စရာမရှိဘူး၊အခုက စိုးရိမ်နေရတယ် ငွေလိုတော့လည်း ကြောက်ကြောက်နဲ့လုပ်နေကြရတာပဲ့လေ။ အခုဆိုသီဟိုရ် စေ့ရာသီဖြစ်တော့မယ်။စစ်ပွဲတွေဖြစ်ရင်ပစ်ပြီးပြေးရတော့ ဆုံးရှုံးမှုတွေများတယ်။ စစ်ပွဲတွေ မဖြစ်စေချင်တော့ဘူး၊အရင်အတိုင်းတည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြစ်သွားတာမျိုးလိုခြင်တယ်၊။
“လယ်လုပ်စားလာတာ ငါ့တစ်သက်ပဲ။ အခုလိုဒုက္ခမျိုးတော့ တခါမှကို မကြုံဖူးသေးဘူး”
လောင်းလုံးမြို့နယ်၊ လယ်သမား ဦးသောင်းတင်
DW ။ စပါးရိတ်သိမ်းချိန်ရောက်နေပြီဆိုတော့ ရိပ်ပြီးနေပြီလား ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ တခြားရွာတွေမှာတော့ အခုချိန် ရိတ်ပြီးနေကြပြီ။ ငါတို့ရွာမှာတော့ မပြီးသေးတဲ့သူကများသေးတယ်။ လမ်းနဲ့နီးတဲ့သူတွေကတော့ ပြီးနေကြပြီ။ ငါတို့ကလမ်းနဲ့ဝေးတော့ ရိတ်စက်ကတော်ရုံနဲ့မရောက်ဘူးလေ။ အခုက စစ်ကြောင်းက ရွာနားမှာပဲဆိုတော့ ပိုဆိုးတာပေါ့။ ရိတ်စက်လည်း လာမရဲဘူး။ လူလည်းပြေးနေရတယ်။
DW ။ စပါးတွေ ဒီအတိုင်းပစ်ထားရတာလားး။
ဖြေ ။ မပစ်ထားရင်ဘယ်လိုလုပ်ရမှာလဲ။ တချို့တွေကတော့ အိမ်မသယ်တော့ဘူး။ လယ်ထဲမှာကတည်းက ဈေးဖြတ်ပြီး ရောင်းလိုက်ကြတာတွေရှိတယ်။ စပါးထွက်လည်းလျော့တယ်ဒီနှစ်ကလေ။ လူတိုင်းပဲညည်းနေကြတယ်။ စပါးဈေးကလည်းကျသလားမမေးနဲ့။ ပေါ်ဆန်းစိုက်တဲ့သူတွေပဲ (တစ်တင်း ကျပ်သုံးသောင်းဝန်းကျင်ရတော့) အသက်ရူချောင်ကြတယ်။ ငါတို့စပါး(ကမာကြည်) တွေကတော့ ဈေးမရဘူး။ (ကျပ်) တစ်သောင်းပတ်ချာလည်လောက်ပဲရကြတယ်။
DW ။ ဈေးတက်မှ ရောင်းလို့မရဘူးလား။
ဖြေ ။ ရတော့ရတာပေါ့။ ဒါပေမဲ့ စစ်ကြောင်းက ရွာကိုခဏခဏလာတယ်။ သူတို့လာပြီဆို ဟိုအိမ်မီးရှို့၊ ဒီအိမ်မီးရှိူ့ဆိုတော့ အရင်လို မထားရဲကြဘူးလေ။ စစ်ကြောင်းလာပြီဆို ထားပစ်ပြီးပြေးရတော့ ကိုယ့်အပိုင်ဆိုပြီးလည်း ပြောမရတော့ဘူး။ သူတို့လုပ်ချင်သလိုလုပ်တာခံရတာပဲ။ မီးရှို့သွားလည်း ဘာမှမတတ်နိုင်ဘူး။ (စျေး)ရနည်းချင်နည်း ရောင်းလိုက်တာကမှ တော်သေးတယ်။
DW ။ စပါး ဝယ်တဲ့သူတွေက ဘယ်လိုထားကြတာလဲ။
ဖြေ ။ အခုစပါးဝယ်တဲ့သူတွေက သူတို့လိုသလောက်ပဲ ဝယ်ကြတာများတယ်။ အရင်လို ဘယ်လောက်လာလာလက်ခံပေးတဲ့သူမရှိတော့ဘူး။ သူတို့လိုမှလိုက်ဝယ်တာ။ ရောင်းချင်တဲ့သူကများပြီး ဝယ်တဲ့သူကနည်းတော့ စပါးဈေးကျတာပေါ့။ စပါးဈေးပဲကျတာနော်။ ဆန်ဈေးမကျဘူး။
DW ။ စပါးအထွက်လည်းလျော့တယ်။ ဈေးလည်းအရနည်းတယ်ဆိုတော့ အရှုံးပေါ်တယ်လို့ပြောလို့ရလား။
ဖြေ ။ ရှုံးတာမှ ခွက်ခွက်လန်အောင်ရှုံးတာပေါ့။ ဓာတ်မြေဩဇာတစ်အိတ်ကိုပဲ (ကျပ်)တစ်သိန်းကျော် ပေးပြီးထည့်ထားတာ။ အခု တစ်ဧက စပါး(တင်း)ငါးဆယ်လောက်ပဲထွက်တာဆိုတော့ မရှုံးရင်ဘယ်သွားမလဲ။ မှတ်ချက် – ဓာတ်မြေဩဇာတစ်အိတ် စပါးဆယ်တင်းဈေးနဲ့ညီမျှနေ) ။ ရိတ်ခတ်၊ သယ်ခတွေမပါသေးဘူးအဲဒါ။
DW ။ စပါးက ဘာလို့အထွက်နည်းရတာလဲ။
ဖြေ ။ သူများမှာတော့မသိဘူး။ ငါ့မှာတော့ မိုးတုန်းကလည်း (စစ်ကြောင်းဝင်လို့) ပြေးရတော့ သူများတွေပြီးမှ လယ်လုပ်ရတယ်။ အခုလည်း ရိတ်ခါနီး သူများတွေလိုမရိတ်ရသေးဘဲ ပစ်ပြီး ပြေးနေရပြန်ပြီ။ ဒီကြားထဲ (စပါးရိတ်ခါနီးမှ) မိုးကလည်း အရမ်းရွာတော့ စပါးပင်တွေအကုန်လဲပြီး ရေစိမ်သွားသေးတယ်လေ။
DW ။ ရာသီဥတုကဖောက်လိုက်၊ စစ်ကြောင်းကထိုးလိုက်နဲ့ ဒီနှစ်တော်တော်ဒုက္ခဖြစ်တာပဲ။
ဖြေ ။ ဒီနှစ်မှဖြစ်တာမဟုတ်ဘူး။ သုံးလေးနှစ်ဆက်တိုက်ဖြစ်နေပြီ။ မိုးလည်းအတူတူပဲ။ ရိတ်ခါနီးဆို မိုးရာသီလိုမျိုးကိုရွာတာ။ အရင်နှစ်တွေကဆို ရေစုပ်စက်နဲ့တောင် စုပ်ထုတ်ယူရတာယ်။ မင်းမမှန်တော့ မိုးလည်းမမှန်တော့ဘူးလေ။
DW ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။
ဖြေ ။ လယ်လုပ်စားလာတာ ငါ့တစ်သက်ပဲ။ အခုလိုဒုက္ခမျိုးတော့ တခါမှကို မကြုံဖူးသေးဘူး။ ဝဋ်ကြွေးရှိရင်ကြေချင်နေပြီ။
“စစ်ကြောင်းဝင်လာနေပြီ ကိုယ့်ရွာနားရောက်ပြီဆိုရင် လယ်ပစ်ယာပစ် ထွန်စက်ပစ်ချအကုန်ထားခဲ့ပြီး လူလွတ်အောင်ပြေးရတာပဲ”
သရက်ချောင်းမြို့နယ်၊ ရော်ဘာနှင့် ကွမ်းသီးခြံပိုင်ရှင် အမျိုးသားတစ်ဦး
DW ။ စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ ဥယျာဉ်ခြံလုပ်ငန်းတွေ လုပ်နိုင်သေးရဲ့လား အခြေနေဘယ်လိုရှိလဲ။
ဖြေ ။ စစ်ကြောင်းထိုးလာရင် အားလုံးပစ်ချခဲ့ပြီးပြေးပေါ့။ စစ်ကြောင်းပြန်ရင် ပြန်လုပ်ပေါ့။ အခုလည်း စစ်ကြောင်းပြန်ဆင်းလာနေပြန်ပြီပြောတယ်။ ပထမတစ်ခါ စစ်ကြောင်းဆင်းလာတုန်းက အိမ်တွေမီးရှို့ပြီး ပြန်တက်သွားပြီ။ သရက်ချောင်းမြို့ပေါ်ဘက်ကို။ အခုက ထပ်ဆင်းလာနေတယ်ပြောတယ်။
DW ။ အခုဆို ဦးလေးတို့မှာ ဥယျာဉ်ခြံပြန်လုပ်နေရတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ စစ်ကြောင်းရွာဘက်မှာ မရှိတော့ဘူးဆိုကတည်းက အိမ်မှာပြန်လာနေတာ အခုဆို ခြံထဲသွားနေတာ တစ်ပတ် ဆယ်ရက်လောက်ရှိပြီပေါ့၊ အခုတစ်ခါ ပြန်ဆင်းလာနေတယ်ဆိုတော့ သတင်းနားစွင့်နေရတာပေါ့။
DW ။ ဒီနောက်ပိုင်းမှာ တချို့ ဥယျာဉ်ခြံတွေဆို လူတွေက မြို့ပေါ်ကို စစ်ဘေးရှောင်နေလိုက်တာရှိတော့ တချို့ဥယျာဉ်ခြံတွေ မလုပ်ပဲ ပစ်ထားလိုက်ရတာရှိတယ်လို့သိရတယ်။ ဦးလေးတို့ ရွာဘက်မှာရော ဘယ်လိုရှိလဲ။
ဖြေ ။ ဦးလေးတို့ရွာမှာတော့ လုံးဝ ပစ်ထားရတဲ့ခြံမရှိသေးဘူး၊ တချို့ရွာတွေမှာတော့ လူကစစ်ဘေးရှောင်နေရတော့ ခြံလည်းမလုပ်နိုင် လယ်လည်းမလုပ်နိုင် ပစ်ထားရတယ်။
DW ။ ကွမ်းသီးတို့ ရော်ဘာတို့ရော ဘယ်လိုရောင်းဝယ်ကြလဲ၊ အရင်ကဆိုရင် ကွမ်းသီးဆိုလည်း တသုတ်ပြီး တသုတ် ရောင်းကြတယ်လေ၊ ဈေးရနည်းသေးရင် မရောင်းဘဲ ထားထားကြတယ်။ အခုနောက်ပိုင်း ဘယ်လိုပြောင်းလာလဲ။
ဖြေ ။ အရင်ကတော့ သမီးပြောသလိုပဲ၊ အခုက အဲ့လိုမထားကြတော့ဘူး၊ ဥယျာဉ်ခြံလည်း လက်လုလုပ်ရတယ်၊ စစ်ကြောင်းဝင်လာနေပြီ ကိုယ့်ရွာနားရောက်ပြီဆိုရင် လယ်ပစ်ယာပစ် ထွန်စက်ပစ်ချအကုန်ထားခဲ့ပြီး လူလွတ်အောင်ပြေးရတာပဲ။ အဓိကတော့ ဖမ်းခံရမှာကြောက်လို့ ခေါ်ဆောင်ခံရမှာကြောက်လို့။ အခုက ကွမ်းသီးဆိုလည်း အချိန်နည်းနည်းရများလာရင် ရတဲ့ဈေးနဲ့ထုတ်ရောင်းပဲ။ ရော်ဘာလည်း အရင်လို အချိန်များများရမှ ရောင်းမယ်ဆိုတာမျိုးမရှိတော့ဘူး။ စစ်တပ်ဝင်လာရင် ပြောရတာမဟုတ်ဘူး။ သူတို့က အိမ်တွေ မီးလိုက်ရှို့နေတာ။ ကွမ်းသီးတွေ ရော်ဘာတွေပါ ပါကုန်မှာပေါ့။
DW ။ ဘာလို့ ရောင်းတာလဲ အိမ်မီးရှို့ရင် ပါမှာကြောက်လို့လား၊ အခုကာလမှာ ငွေကြေးကျပ်တည်းလို့ ထုတ်ရောင်းကြတာလား၊ စစ်သားတွေက အိမ်ထောင်ပရိဘောဂတွေ ဆိုင်ကယ်တွေ ယူနေတာဆိုတော့ ကွမ်းသီး၊ ရော်ဘာတွေပါ ယူမှာစိုးလို့လား။
ဖြေ ။ မဟုတ်ဘူး။ စစ်တပ်က မယူဘူး။ သူတို့က အိမ်တွေမီးရှို့လည်း ကွမ်းသီးတွေ ရော်ဘာတွေတွေ့လည်း မယူဘူး။ သူတို့ယူတာ ရွှေရှိမရှိ ရှာမယ်၊ ငွေရှိ ငွေယူမယ်၊ အဝတ်တွေအစားတွေ လိုရင်ယူမယ်။ ဆိုင်ကယ်တွေ အိမ်ထောင်ပရိဘောဂ လိုချင်တာရှိလည်း ယူမယ်။ ကွမ်းသီးတွေ ရော်ဘာတွေမယူဘူး။
DW ။ ဒါဆို အရင်လို စပါးတွေ စပါးကျီမှာ ဘာလို့မထားကြတော့တာလဲ၊ ကွမ်းသီးတွေ ရော်ဘာတွေ ဘာလို့ မသိုလှောင်ထားကြတော့တာလဲ။
ဖြေ ။ အဓိက လူတွေစစ်ပြေးရှောင်နေချိန် အိမ်မီးရှို့ခံရရင် ကွမ်းသီးတွေ ရော်ဘာတွေပါဆုံးရှုံးမှာစိုးလို့၊ နောက်တစ်ခုက သူခိုးတွေရှိတယ်။ စစ်ဘေးရှောင်နေချိန် ကိုယ့်ရွာထဲက ရွာသားချင်းချင်းပဲခိုးကြတယ်။ ဘယ်အချိန် ထပြေးရမလဲ မသိတော့ နည်းနည်းရတာနဲ့ရောင်းပဲ။ မင်းဒပ်မှာဆိုလည်း စပါးကျီထဲက စပါးတွေ ပျောက်ကုန်တယ်မကြားဘူးလား။ ကွမ်းသီး၊ ရော်ဘာဘာမှ ထားမရဘူး။ ခိုးကြတယ်။ ဦးလေးတို့ ရွာမှာဆို စား ဆီဘူးကအစ ခိုးတယ်။ ရွာသားတွေခိုးတာလည်းရှိတယ်။ ဟို သံတွေ ကြေးတွေလိုက်ဝယ်နေတဲ့ (သူ)တွေလည်း ခိုးတယ်။
အဓိကတော့ တိုင်းရေးပြည်ရေးကြောင့်ပေါ့လေ။
DW ။ စစ်ကြောင်းဝင်လာချိန် အဓိက ဘာကိုကြောက်နေရလဲ။
ဖြေ ။ ကြောက်ဆို အကုန်လုံးပဲကြောက်နေရတာပဲ။ ဖမ်းခေါ်သွားမှာရော၊ ခေါ်ဆောင်ပြီး လမ်းပြလုပ်ခိုင်းမှာ သတ်ဖြတ်ခံရမှာ အကုန်လုံးကြောက်နေရတာပဲ။ အိမ်မီးရှို့ခံရမှာရော။
“ကွမ်းသီးပေါ်ချိန်ဖြစ်နေပေမယ့် ဝယ်မယ့်သူမရှိဘူး။ ကိုယ်ရဲ့ခြံတွေမှာလည်း ပြန်သွားနေလို့ မရဲဘူး”
တနင်္သာရီမြို့နယ်၊ သဲဖြူရွာသား တစ်ဦး
DW ။ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပစ်နေတော့ စပါးစိုက်ထားသူတွေ ဘာတွေ ကြုံနေရလဲ။ ဘာအခက်ခဲတွေဖြစ်သွားလဲ။
ဖြေ ။ သဲဖြူဝန်းကျင်မှာရှိတဲ့ တောင်သူတွေက တော်တော်လေးအခက်ကြုံတယ်။ ဘာဖြစ်လို့လဲ ဆိုရင် စပါးရိတ်လို့ မရဲဘူးပေါ့။ လေယာဥ်ဆိုရင် နည်းနည်းလေးတော်သေးတယ်။ ဒရုန်းကျရင် ပိုပြီး အန္တရာယ်များတဲ့ အတွက် သွားရိတ်မရဲဘူး။ စစ်ကြောင်းထိုးတဲ့ နေရာနဲ့ နီးတဲ့ သူတွေဆိုရင် သူတို့စပါးရိတ်လို့ မရဲဘူး။ စပါးရိတ်နိုင်တဲ့ အခြေအနေကို တစ်ရွာလုံး ခြုံပြီးကြည့်လိုက်ရင် စပါးရိတ်နိုင်တဲ့ ရာခိုင်နှုန်းနဲ့ သိမ်းလို့ပြီးတဲ့ ရာခိုင်နှုန်းက ၃၅ရာခိုင်နှုန်းပဲရှိတယ်။ တော်တော်များများက တောင်ယာတစ်ပြင်လုံးကို လုံးဝ မရိတ်သိမ်းရဘူး။ အချို့ကျတော့ ရိတ်သိမ်းပြီးသော်လည်း သွားမသိမ်းနိုင်တဲ့အတွက် စပါးတွေ အကုန်လုံးရှုံးသွားတယ်။
DW ။ ဒီတော့ စားဖို့လုံလောက်ပါ့မလား။ အခြားဥယျာဉ်ခြံတွေကော ဘယ်လိုရှိလဲ။
ဖြေ ။ အခုဆိုရင် ဒေသခံတော်တော်များများက လမ်းတွေလည်း ပိတ်ဆို့ခံထားရတယ်။ ပြီးတော့ ဝမ်းစာကတော့ မီမှာမဟုတ်ဘူး။ ရှိတဲ့ ဟာနဲ့ဆိုရင် အလွန်ဆုံးခံနိုင်တဲ့ အနေထားက တစ်လ၊နှစ်လပဲ။ အဲဒီကနေကျော်ရင် အစားသောက်အတွက် ခက်ခဲလာနိုင်တယ်။ ဝင်ငွေကလည်း ဘာလမ်းကြောင်းမှ မရှိဘူး။ ကွမ်းသီးပေါ်ချိန်ဖြစ်နေပေမယ့် ဝယ်မယ့်သူမရှိဘူး။ ကိုယ်ရဲ့ခြံတွေမှာလည်း ပြန်သွားနေလို့ မရဲဘူး။
စပါးရိတ်သိမ်းမနိုင်တဲ့ တောင်သူတွေထဲမှာမှ သဲဖြူရွာက တောင်သူတော်တော်များများ ရိတ်ခွင့်မရလိုက်ဘူး။ အမှတ် ၉ ကနေ အမှတ် ၁ ရှိရွာမှတော့ တော်တော်များများ ရိတ်ခွင့်ရလိုက်တယ်။ ဒါပေမဲ့ လေယာဥ်ကတော့ လုံခြုံရေးအတွက် အဆင်မပြေတော့ စပါးခင်ကို နှစ်ပတ်လောက်ကြာလို့ ပြန်မကြည့်နိုင်တဲ့ခြေနေမှာ စပါးခင်းကို ဝက်လာစားသွားတယ်။ ငှက်လာစားသွားတယ်။ အဲ့ကြောင့် စပါးတွေ လုံးဝမရသူတွေလည်းရှိတယ်။
ခြွင်းချက်အနေနဲ့ ရွှေချောင်းဘက်မှာဆိုရင် စပါးခင်းထဲကို ဝင်ဖို့နည်းနည်းလေးကြာသွားတော့ စပါးတစ်ခင်းလုံးကို စပါးပြန်ရိတ်လိုက်တဲ့ ချိန်မှာ စပါးနှစ်တင်းပဲရတယ်။







