ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူတွင် မှတ်ပုံတင်ကွင်းဆင်းလုပ်ပေးသော်လည်း ရွေးကောက်ပွဲမလုပ်နိုင်သည့် ရွာများက ဒေသခံများကို လုပ်မပေး

December 13, 2025

ပုံစာ - ကံပေါက်တိုက်နယ်တွင် မှတ်ပုံတင် ကွင်းဆင်း လုပ်ပေးနေစဥ် (ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် စစ်ကော်မရှင် လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများက ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ရာ၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စုများမှ ဒေသခံများကို မလုပ်ပေးကြောင်း ကိုယ်တိုင်ကြုံရသည့် ကာယကံရှင်များနှင့် ဒေသခံများက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပတ်နှင့် ဒီဇင်ဘာပထမအပတ်တွင် ကံပေါက်ရွာနှင့် မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိသည့် အုန်းပင်ကွင်းရွာတို့တွင် မှတ်ပုံတင် ကွင်းဆင်း လုပ်ပေးခြင်းဖြစ်သည်။

“ဖောင်းတောအုပ်စု ခြောက်ရွာ (ဖောင်းတော၊ ကောင်းမှု၊ မော်ကြီး၊ ဓမင်းဆိပ်၊ ပိုက်တဲ၊ မီးတိုင်တက်) က လူတွေဆိုရင် အမဲရောင်နယ်မြေဖြစ်နေတယ်။ လုပ်မပေးဘူးပြောတယ်။ ရွာက သွားလုပ်ကြတဲ့သူတွေ အားလုံး မရကြဘူး။ လုပ်ချင်ရင် ရုံးမှာသွားလုပ်လို့ ပြောတယ်” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ဖောင်းတောဒေသခံတစ်ဦး ပြောဆိုသည်။

ဖောင်းတောကျေးရွာအုပ်စုသည် ကံပေါက်တိုက်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု လေးခုအနက် တစ်ခုဖြစ်သည်။

ရေဖြူမြို့နယ်၊ လဝကရုံးသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ထားဝယ်မြို့တွင် ပြောင်းရွှေ့ထားပြီး ရေဖြူမြို့နယ်မှ ဒေသခံများ မှတ်ပုံတင်ပြုလုပ်လိုပါက ထားဝယ်တွင် သွားရောက်ပြုလုပ်ရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင်ပါဝင်ပြီး မှတ်ပုံတင် မရှိသေးသူများအား မှတ်ပုံတင် အမြန်ဆုံး ရရှိအောင် ကူညီဆောင်ရွက်ပေးရန် စစ်အုပ်စု ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီများကို လိပ်မူ၍ ဒီဇင်ဘာလ ၁၁ ရက်တွင် အကြောင်းကြားစာများ ပေးပို့ထားကြောင်း ပါတီအချို့နှင့် စစ်အုပ်စု၏ ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရသိရသည်။