ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ၊ နဘုလယ်ဒေသခံ ၅ ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး

December 13, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ကျေးရွာမှ ဒေသခံအမျိုးသားငါးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အင်အားတစ်ရာကျော် ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနောက်စစ်ကြောင်းပြန်လည်ထွက်ခွာသွားချိန်တွင် ထိန်ကြီးရွာပြင်၌ရှိနေသည့် ဒေသခံအမျိုးသား ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဖမ်းခံရတဲ့ သူတွေက ရွာပြင်မှာ ကြက်မွေး၊ဘဲမွေး လုပ်နေတဲ့ရွာသားတွေ အိမ်မီးရှို့ ခဲ့ပြီး ပြန်အထွက်မှာ ဖမ်းသွားတာ”ဟု အထက်ပါအမျိုးသားကပြောသည်။

အဆိုပါစစ်ကြောင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက် နေ့ ရေဖြူမြို့အနောက်ဘက်ကမ်းရှိ မြို့မ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းမှာ ဖမ်းဆီးထားသည့် ထိန်ကြီးရွာသား ၅ ဦး နှင့်အတူ ရေဖြူမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံအချို့ကဆိုသည်။

စစ်အာဏာရှင်တပ် ဖမ်းဆီးထားသည့် ဒေသခံ ၅ ဦးမှာ ယ နေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။