BREAKING
November 13, 2025

ထိုင်းတွင် မွန်းလွဲပိုင်း အရက်ရောင်းချခွင့် ပြန်ခွင့်ပြုမည်

November 13, 2025

ပုံစာ - ဘန်ကောက်မြို့ရှိ ခေါက်ဆန်လမ်းက ဆိုင်တစ်ဆိုင်။

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား အရက်ရောင်းချခွင့်ကို ကန့်သတ်ထားသည်ကို ပြန်လည် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှုကို ပိတ်ပင်ထားသော ဥပ‌ဒေကို ဖျက်သိမ်းမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်သော အရက်နှင့် အဖျော်ယာမကာ ကိစ္စနှင့် သက်ဆိုင်သည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် Mr. Sophon Sarum က ပြောသည်။

လာမည့် ပွဲတော်လများအတွက် ခရီးသွားကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အရက်ရောင်းချခွင့်ကို အချိန်ထပ်တိုးခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က အရက်ရောင်းချခွင့်ကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၁၂ နာရီအထိသာ ခွင့်ပြုထားသည်။

ယခင်ဥပဒေများသည် ထိုင်းနိုင်ငံအတွင်း အစိုးရဝန်ထမ်းများ အလုပ်ချိန်အတွင်း အရက်သောက်သုံးမှုကို တားမြစ်ရန် အတွက် မွန်းလွဲ ၂ နာရီမှ ညနေ၅ နာရီအတွင်း အရက်ရောင်းချခွင့်ကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောဆိုသည်။

အစိုးရဝန်ထမ်းများ နေ့လယ်ပိုင်း အရက်မသောက်တော့သလို အဆိုပါ ယူဆချက်များသည် ခေတ်နောက်ကျနေသဖြင့် ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုပြင်ဆင်မည့် ဆုံးဖြတ်ချက်သည် အစိုးရအစည်းအဝေးတွင် တင်ပြရန် မလိုအပ်ဘဲ ဝန်ကြီးချုပ်ရုံးက တိုက်ရိုက်ကြေညာချက်ထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အစည်းအဝေးဆုံးဖြတ်ချက် အတည်ပြုပြီးနောက်ပိုင်း လူထုကြားနာချက်အတွက် ၁၅ ရက်အကြာတွင် တရားဝင် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

အကယ်၍ တရားဝင် အကျုံးဝင်လာပါက 7-Eleven ကဲ့သို့ စတိုးဆိုင်များတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား အရက်ဝယ်ယူခွင့် ရရှိတော့မည်ဖြစ်သည်။

နံနက်ခင်းအချိန် အရက်ရောင်းချခွင့်ကိုမူ မဆုံးဖြတ်နိုင်သေးဘဲ နံနက် ၂ နာရီအထိ သို့မဟုတ် ၄ နာရီအထိ တိုးမြှင့်ရောင်းချခွင့် ပေးနိုင်ရေး ဆွေးနွေးနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod English, The Nation Thailand