BREAKING
November 13, 2025

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ကတွဲရွာက အရပ်သားနေအိမ်များ မီးရှို့ခံရ

November 13, 2025

ပုံစာ - နိုဝင်ဘာ ၉ ရက်နေ့က ချောက်ချောင်းရွာမှ မီးရှို့ခံရသည့်နေအိမ်များ။(ပုံဟောင်း)

သရက်ချောင်းမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က သိမ်ကုန်းရွာနှင့် ကတွဲရွာတို့မှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

နိုဝင်ဘာလ ၁၂ နေ့တွင် သိမ်ကုန်းရွာနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကတွဲရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပေ။

“ကတွဲမှတော့ အိမ်တစ်လုံးပဲသိတယ်၊ သိမ်ကုန်းမှာတော့ အတိအကျမသိဘူး၊ သုံးဆောင်လောက်တော့ မှန်းတယ်” ဟု သရက်ချောင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၃ ရက်ကလည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က လဘရွာက အရပ်သားနေအိမ် ၃၉ လုံးကို စစ်အာဏာရှင်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၉ ရက်နေ့တွင်လည်း ချောက်ချောင်းရွာက အရပ်သားနေအိမ် ၄၀ ကျော်(ခန့်မှန်း) ကို မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ခံရသည့် လဘရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF စစ်ဆေးရေးဂိတ်ရှိပြီး ချောက်ချောင်း၊ သိမ်ကုန်း၊ ကတွဲအနီး ဘုတ်တောင်ထိပ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၏ စစ်ဆေးရေးဂိတ် ၃ ခုရှိသည်ဟု စုံစမ်းသိရှိရသည်။

အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ဒေသကာကွယ်ရေးတပ်များ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သရက်ချောင်းအခြေစိုက် ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်းက PDF ရဲဘော်တစ်ဦးကပြောသည်။

“(အိမ်မီးရှို့ခံရတာ)ရှိပါတယ်၊ ဘယ်လောက်ဆိုတာမသိရသေးပါ၊ ဂိတ်အနီးတစ်ဝိုက်အိမ်တွေရှို့ခံရ၊ ပြည်သူဖမ်းဆီးသတ်ဖြတ်တာတော့မရှိပါ၊ ဘယ်အဖွဲ့ကမှန်းမသိတဲ့ ရဲဘော်တစ်ဦး ကျောက်ခမောက်ရွာမှာ ပစ်သတ်ခံရတယ်လို့သိရပါတယ်” ဟု အထက်ပါတပ်ရင်းမှ PDF ရဲဘော်က ဆိုသည်။

ရန်ကုန်-ထားဝယ်-မြိတ် အမှတ် ၈ ပြည်ထောင်စုကားလမ်းတစ်လျှောက်ရှိနယ်မြေအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားပြီး ယင်းလမ်းမကြီးတစ်လျှောက်တွင် PDF စစ်ဆေးရေးဂိတ်နှင့် KNLA စစ်ဆေးရေးဂိတ်များရှိသည်။

တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့မှုများလည်း ရှိနေပြီး ယနေ့ နိုဝင်ဘာ ၁၃ ရက်အထိ သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာမှ ပလောက်အထိ ကားလမ်းပိတ်နေသည်မှာ ၄ ရက်ရှိပြီဖြစ်ကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကားလမ်းကို အချိန်ပိုင်းဖွင့်ပေးသဖြင့် လမ်းကြောင်းတစ်လျှောက် ပိတ်မိနေသည့် ကားများ ထားဝယ်နှင့် မြိတ်ကို ရောက်ရှိသွားပြီဖြစ်သော်လည်း အချို့ကားများမှာ လမ်းမှာ ဆက်လက်ပိတ်မိနေဆဲဖြစ်သည်ဟု ယာဉ်လိုင်းလုပ်ငန်းအချို့နှင့် ဒေသခံအချို့က ပြောသည်။