စစ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာပြည်အထက်ပိုင်း ဒေသများနည်းတူ တနင်္သာရီတိုင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ အထူးသဖြင့် တော်လှန်ရေးအားကောင်းပြီး တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်ဖြစ်သည်။
ယင်းဒေသများရှိ ပြည်သူများမှာ သတင်းအချက်အလက် ရရန်ခက်ခဲနေပြီး ကောလာဟလ သတင်းများသာ လွှမ်းမိုးနေသဖြင့် လူထုမှာ မည်သည်ကိုယုံကြည်ရမည်မသိ ဖြစ်နေကြသည်။
ယင်းအပြင် ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ၊ တိုက်ပွဲနှင့်ပဋိပက္ခများ၊ စစ်ဘေးရှောင် အခြေအနေများကို မသိရှိကြဘဲ မိမိဒေသမှအခြေအနေလောက်သာ သိရှိကြသဖြင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ကြုံတွေ့နေကြရသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ကျေးရွာအများအပြားကို စစ်ကော်မရှင်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကာလရှည်ဖြတ်တောက်ထားသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများထဲမှ ကျေးရွာပေါင်း ၄၀ ကျော်မှာ နှစ်ချီကြာအောင် အင်တာနက်ဖြတ်တောက်ခံထားရသည်။
အာဏာရှင်များမှာ ၎င်းတို့ဝါဒဖြန့်ချိမှုများအတွင်း လူထုကို ပိတ်မိနေစေရန်အတွက် လူထုသတင်းအမှန် မသိစေရန် ပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့သော် ပြည်သူလူထု သတင်းအချက်အလက် ရရှိရေး ပုံစံမျိုးစုံဖြင့် ကြိုးစားနေသူများလည်းရှိသည်။
သတင်းအချက်အလက် ပိတ်ဆို့ခံထားရသောဒေသများရှိ ပြည်သူများ သတင်းအချက်အလက် ရရှိစေရန် ပုံစံမျိုးစုံဖြင့် ကူညီပေးနေသူများမှာလည်း လွယ်ကူလှသည်မဟုတ် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရသည်။
ဒေသအချို့မှာ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် သတင်းအချက်အလက် မရသည်မျိုးဖြစ်သော်လည်း မြို့ပေါ်ဒေသများတွင်မူ စစ်အာဏာရှင်တပ်၏ ဖိနှိပ်မှုကြောင့် ဖမ်းဆီးခံရမည်စိုးပြီး သတင်းမကြည့်ရဲသူများလည်းရှိသည်။
ယင်းကြောင့် သတင်းအချက်အလက် ပိတ်ဆို့ခံထားရသူများ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပိတ်ဆို့ခံဒေသမှ ပြည်သူများ သတင်းအချက်အလက်ရရှိရေး လုပ်ဆောင်နေသူများ၏ အမြင်များကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“သတင်းမရတဲ့ အခြေအနေက ပိုဆိုးတယ်ပေါ့။သတင်းရရင် ပြင်ဆင်ချိန်ရတယ်”
တနင်္သာရီမြို့နယ် လမိုင်းကော့ရွာနေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး
DW ။ အခုလို အင်တာနက်၊ ဖုန်းလိုင်းတွေပြတ်တောက်နေတာ ဘယ်လောက်ကြာနေပြီလဲ။
ဖြေ ။ ၂ နှစ်လောက်ရှိပြီ။
DW ။ ဒီလိုအင်တာနက်၊ ဖုန်းလိုင်းပြတ်တောက်နေတော့ ကိုယ့်ရွာ၊ ကိုယ်မြို့နယ် ၊ ကိုယ့်တိုင်းနဲ့ ကိုယ့်နိုင်ငံထဲဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေရော သိခွင့်ရလား။ သိနေတယ်ဆိုရင် ဘယ်ကနေ သိရတာလဲ။
ဖြေ ။ အခုလက်ရှိက စတားလင့်တွေ ဘာတွေရှိနေတဲ့နေရာတွေကို သွားပြီး သွားဖွင့်ကြည့်ရင်တစ်ချို့သော သတင်းတွေကို သိရတယ်။ စတားလင့် မရှိတဲ့ရွာမျိုးမှာတော့ လုံးဝမသိရပေ့ါ။
DW ။ စတားလင့်မရှိတဲ့ ရွာတွေဘယ်လောက်များနေလဲ။
ဖြေ ။ စတားလင့် မရှိတဲ့ရွာတွေကများတယ်။ အခု စတားလင့်ရှိတဲ့ရွာက နှစ်ရွာသုံးရွာ လောက်ပဲရှိတယ်။
DW ။ ဒီလိုသတင်းအချက်အလက်တွေမသိရတော့ အစ်မ အပါအဝင် ဒေသခံတွေရဲ့ လူမှုစီးပွား၊ လုံခြုံရေးအပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိခဲ့လဲ။ဘာကြောင့်လဲ။
ဖြေ ။ အဆင်မပြေတာတော့ လုံးလုံးကြီးကို အဆင်မပြေက(ဘူး)။
DW ။ အခုကရော သတင်းအချက်လက်တွေကို ဘယ်ကနေသိရလဲ။
ဖြေ ။ သတင်းအချက်လက်တွေကတော့ စတားလင့်ရှိတဲ့နေရာကို လိုင်းတွေလာဖွင့်ပြီး လိုင်းပေါ်မှာတင်ထားတဲ့ သတင်းဌာနတွေက ပြောတဲ့ဟာကို ပြန်ကြားရတယ်။ ကိုယ်ရွာမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကို နည်းနည်းပါးပါး ပြန်မေးရင်လည်း တချို့တလေတော့ သိရတယ်။
DW ။ သတင်းအချက်အလက်တွေသိရတော့ ဘာတွေအကျိုးရှိသွားလဲ။
ဖြေ ။ စိတ်ထဲမှာတော့ သတင်းစာတွေ ဖတ်ရတဲ့အခါကျတော့ သတင်းစာမှာပါတဲ့ဟာတွေ နည်းနည်းပါးပါးတော့ သိရတယ်။
DW ။ အခုရနေတဲ့ သတင်းအချက်တွေက ဘယ်လောက်အထိ ခိုင်မာမှန်ကန်မှုရှိလဲ။ အဲဒီသတင်းအချက်အလက်တွေကို ယုံကြည်ကြရဲ့လား။
ဖြေ ။ ယုံတော့ ယုံကြည်တယ်။ ဒါပေမဲ့ ကြာလာရင် စိတ်ထဲမှာမလုံမလဲဖြစ်လာတယ်။
DW ။ ရနေတဲ့ သတင်းအချက်တွေကရော တကယ်မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုရှိရဲ့လား။ ကွာဟနေတာတွေရော ကြုံရလား။
ဖြေ ။ ကွာဟနေတာလည်းရှိတယ်။
DW ။ သတင်းအချက်အလက်မရခင်တုန်းက အခြေအနေနဲ့ သတင်းအချက်အလက် ရနေတဲ့အခြေအနေမှာ ကိုယ့်အတွက် ဘာတွေပြောင်းလဲသွားလဲ။
ဖြေ ။ သတင်းအချက်အလက်ရတဲ့အခါတော့ အခုလက်ရှိရနေတဲ့အချက်အလက်က ကြောက်နေရပြီပေါ့။ ဘယ်အချိန်ပြေးရမယ်ဆိုပြီး အထုပ်တောင် ကောက်ထားပြီ။
DW ။ မီဒီယာကနေ သတင်းမရတဲ့ အခြေအနေနဲ့ ရတဲ့အခြေအနေ ဘယ်လိုကွာခြားသွားလဲ။
ဖြေ ။ သတင်းမရတဲ့ အခြေအနေက ပိုဆိုးတယ်ပေါ့။ သတင်းရရင် ပြင်ဆင်ချိန်ရတယ်။
“ကိုယ်ရွာမှာဖြစ်နေဟာ အကြောင်းစုံသိရတာက မီဒီယာထဲကနေ ပိုသိရတယ်”
အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး၊ တကူရွာ တနင်္သာရီမြို့နယ်
DW ။ အခုလို အင်တာနက်၊ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ဘယ်လောက်ကြာနေပြီလဲ။
ဖြေ ။ ရလိုက် မရလိုက် နှစ်ပေါင်းက ကြာကြာကြီးဖြစ်ပြီ။ အရင်ကမျိုးတော့ သုံးလို့အဆင်မပြေဘူး။ကြာတော့ ကြာသွားပြီ။
DW ။ ဒီလိုအင်တာနက်၊ ဖုန်းလိုင်းပြတ်တောက်နေတော့ ကိုယ့်ရွာ၊ ကိုယ်မြို့နယ် ၊ ကိုယ့်တိုင်းနဲ့ ကိုယ့်နိုင်ငံထဲဖြစ်ပျက်နေတဲ့ သတင်းအချက်အလလက်တွေရော သိခွင့်ရလား။ သိနေတယ်ဆိုရင်ဘယ်ကနေ သိရတာလဲ။
ဖြေ ။ သတင်းအချက်လက်တွေက အဓိကကတော့ ဆိုရှယ် မီဒီယာပေါ်မှာတင်နေတဲ့ လောလောဆယ် အင်တာနက်လိုင်းမိတဲ့နေရာကနေ ပြန်ပြီးကြည့်ယူလို့ရတယ်။ သီးသန့်ဟာက သိရတာခဲယဥ်းတယ်။ သီးသန့်သိရတာ မရှိဘူး။ အင်တာနက် လိုင်းမိတဲ့နေရာတွေမှာ သုံးပြီးတော့ လျှောက်ကြည့်မှ တင်ထားတဲ့ သတင်းတွေတက်လာမှ ကိုယ်ကသိရတယ်။
DW ။ ဒီလိုသတင်းအချက်အလက်တွေ မသိရတော့ အစ်ကိုအပါအဝင် ဒေသခံတွေရဲ့ လူမှုစီးပွား၊ လုံခြုံရေးအပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိခဲ့လဲ။ဘာကြောင့်လဲ။
ဖြေ ။ လူအချင်းချင်းပြောလို့ သိရတယ်။ လောလောဆယ်က တိုက်ပွဲပြင်းထန်နေတော့ ကြားထဲမှာ ဒီဖက်ကလည်း ဟိုဘက်ကို မလွှတ်ဘူးလေ။ ဟိုဘက်ကလည်း ဒီဘက်ကို ပေးမသွားဘူး(စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ကို ဆိုလို)။ခရီးသွားလာတွေကနေ တနင်္သာရီဘက်ကို သွားလာနေတဲ့ လူတွေကနေတစ်ဆင့် သိရတယ်။
DW ။ အခုကရော သတင်းအချက်လက်တွေကို ဘယ်ကနေသိရလဲ။ (စကစဘက်ကရော၊ တော်လှန်ရေးဘက်ကရော၊ မီဒီယာတွေဘက်ကရော)
ဖြေ ။ အဲဟာတွေက တပ်ဖွဲ့တွေနဲ့ ရင်းနှီးနေတဲ့ သူတွေကနေ တစ်ဆင့်ကြားရပေါ့။ အများအားဖြင့်ကတော့ ကိုယ်ရွာမှာဖြစ်နေဟာ အကြောင်းစုံသိရတာက မီဒီယာထဲကနေ ပိုသိရတယ်။ ကိုယ်ရွာသားအချင်းချင်း လိုက်မေးစားလို့ တအားအဆင်မပြေဘူးဆိုတော့ မီဒီယာမှာပဲ ပြန်ကြည့်ယူနေရတယ်။
DW ။ သတင်းအချက်အလက်တွေသိရတော့ ဘာတွေအကျိုးရှိသွားလဲ။
ဖြေ ။ အကျိုးရှိတာတော့ ကိုယ့်ရပ်ကွက်အတွင်းမှာ အန္တရာယ်များနေတာအတွက် ကြိုတင်ပြင်ဆင်ရတယ်။
DW ။ အခုရနေတဲ့ သတင်းအချက်အလက်တွေက ဘယ်လောက်အထိ ခိုင်မာမှန်ကန်မှုရှိလဲ။ အဲဒီသတင်းအချက်အလက်တွေကို ယုံကြည်ကြရဲ့လား။
ဖြေ ။ ပြောနေတဲ့ သတင်းတွေက အမြောက်အများပြောနေတယ်။အမြောက်အများထဲမှာမှ ၇၀ ရာခိုင်နှုန်းက အမှန်မရှိဘူးဖြစ်နေတယ်။ဒါပေမဲ့ ၇၀ရာခိုင်နုန်းက အမှန်မရှိဘူးဆိုတော့ လက်ရှိက ပြည်သူတွေပြောပြချက်အရ တပ်ဖွဲ့ဝင်တွေပြောတဲ့အချက်တွေကို ကိုယ်တွေက မသိနိုင် သတင်းမရတဲ့ အခြေအနေက ပိုဆိုးတယ်ပေါ့။သတင်းရရင် ပြင်ဆင်ချိန်ရတယ်။
DW ။ ရနေတဲ့ သတင်းအချက်အလက်တွေကရော တကယ်မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုရှိရဲ့လား။ ကွာဟနေတာတွေရော ကြုံရလား။
ဖြေ ။ ကွာဟမှုလည်းရှိတယ်။တချို့တဝက်တော့ ကိုက်ညီမှု တအားမရှိဘူး။ဒါပေမဲ့ သူတို့ဖြစ်နေတာလည်း ကိုယ်တွေက သွားစပ်စုလို့ မရတဲ့အတွက် တအား(အရမ်းမသိရ) မသိရလေ။တချို့ပြောတဲ့ဟာလည်းပဲ ကိုယ်တွေက တအားမသိရဘူး။ဒီမှာက ဖြစ်နေတယ်။ဟိုမှာက မဖြစ်ဘူးဆိုတော့ ဒါအချက်တွေက ကွာဟမှုရှိနေတယ်။
DW ။ သတင်းအချက်အလက် မရခင်တုန်းကအခြေအနေနဲ့ သတင်းအချက်အလက် ရနေတဲ့အခြေအနေမှာ ကိုယ့်အတွက် ဘာတွေပြောင်းလဲသွားလဲ။
ဖြေ ။ ပြောင်းလဲမှုက လက်ရှိကတော့ စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ ရွာထဲက ပြည်သူတွေက ရှောင်နေတဲ့သူက ရှောင်နေတယ်။မြို့ဘက်ကိုရှောင်တဲ့ သူကလည်း ရှောင်နေကြတယ်။
“ဘယ်လိုဖြစ်ပျက်နေလဲ ၊ အခြားနေရာတွေမှာရော ဖြစ်နေတာတွေ အားလုံး နားထောင်မှပဲ အဆင်ပြေမယ်လေ”
အမျိုးသားတစ်ဦး ထားဝယ်အရှေ့တောဒေသခံ
DW ။ သတင်းအချက်အလက်ကို ဘယ်ကနေရယူနေပါသလဲ ။ ရရှိတဲ့ သတင်းအချက်အလက်က လုံလောက်လား ။ ယုံကြည်လို့ရလား ။
ဖြေ ။ သတင်းအချက်အလက် တွေကတော့ ကျွန်တော်တို့ ဆွေမျိုးနီးစပ်ရာတွေလည်း ရှိတယ်လေ။ စစ်ကြောင်းဝင်ပြီဆိုရင်တော့ သတင်းနားထောင်ပြီးတာနဲ့ (စစ်တပ် ) ပကာရီရောက်နေပြီဆိုရင်လည်း ကျွန်တော်တို့လည်း ဒီထဲမှာပဲ တောတောင်တွေမှာ ရှောင်နေရတာပေါ့ ။ အစားအသောက် တွေထုပ်ပြီးပေါ့ ။ အင်တာနက် ခက်ခဲတဲ့နေရာတွေက အခုဆိုရင် သင်္ကန်းတုံးရွာတွေ အထိရတယ်။ ဝကုန်းရွာတို့ အထက်ဘက်ခြမ်းတွေဆိုရင် လိုင်းက ပြတ်တောက် ပြတ်တောက် ဖြစ်တယ်။ တခါတလေဆိုရင်လည်း လိုင်းပြတ်များတယ်။ သင်္ကန်းတုံးလောက်အထိပဲ လိုင်းအဆင်ပြေတယ်။ ဒီလိုဖြစ်နေတာက အခုဆိုရင်တော့ တစ်နှစ်ကျော်လောက်ဖြစ်ပြီ။ အရင်ကတော့ အဆင်ပြေတယ်။
DW ။ သတင်းအချက်အလက် ရရှိမှုက လျော့နည်းနေတယ်လို့ ယူဆမိရင် သတင်းအချက်အလက် ရဖို့အတွက် ဘယ်လိုကြိုးစားလဲ ၊ ဘာအခက်အခဲတွေ ရှိလဲ ။
ဖြေ ။ အဲဒီလို အချိန်ကျရင်တော့ ပြောရမယ်ဆိုရင် လိုင်းမရှိရင် ကျွန်တော်တို့မှာက အဆက်အသွယ်ကပြတ်သွားတယ်။ အဲဒီအချိန်ဆို သတင်းအချက်အလက် ကိုလည်း အပြင်ထွက်ပြီး လိုင်းမိတဲ့နေရာတွေမှာ သွားနားထောင်ရတယ်။ လိုင်းမမိတော့ဘူးဆိုရင် သတင်းအချက်အလက် က စီးဆင်းမှုမရှိတော့ဘူးပေါ့။ ဘာမှမသိရတော့ဘူး ။ လိုင်းရတဲ့နေရာရောက်မှပဲ (စစ်ကြောင်း) ဘယ်နား ဘယ်နားရောက်နေတယ်လို့ အသံကြားရတယ် ။ ကျွန်တော်တို့ ကဘယ်လိုလဲဆိုတော့ တစ်ယောက်ပြောစကား ၊ ပြောစကားနဲ့ပဲ နားထောင်ပြီးတော့ သွားလာနေတဲ့သူတွေနဲ့ ပေါ့ ။
DW ။ သတင်းအချက်အလက် တွေက နေ့စဥ်ဘဝမှာ ဘယ်လောက်အထိအရေးပါနေလဲ ။ သတင်းအချက်အလက် ပြတ်သွားရင် ဘယ်လိုခံစားရလဲ ။
ဖြေ ။ အဲဒီလိုအချိန်ကျရင်တော့ အမျိုးမျိုးစိုးရိမ်ရတာပေါ့ ။ ကိုယ်တွေက လိုင်းမရှိတော့ဘူး ဆိုတော့ (စစ်ကြောင်း) ကိုယ့်အနားပဲရောက်လာမလား ။ ဘယ်နားရောက်နေပြီလဲဆိုတာလည်း မသိဘူးလေ ။ အမျိုးမျိုးစိတ်ပူနေရတာပေါ့ ။ ရောက်လာမလားဆိုပြီးကြောက်နေရတာပေါ့ ။
DW ။ သာမန်ပြည်သူတွေအနေနဲ့ စစ်ရေး ၊ နိုင်ငံရေး နဲ့ စစ်ဘေးရှောင်တွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက် တွေကို ရနေတယ်လို့ထင်လား ။
ဖြေ ။ စစ်ဘေးရှောင်တွေရဲ့အချက်အလက်တော့မသိရဘူး ။ နီးစပ်ရာ ပတ်ဝန်းကျင်လောက်တော့ သိတာပေါ့ ။
DW ။ ကိုယ့်ဒေသမှာဖြစ်တဲ့ ဖိနှိပ်ခံရမှု ၊ မတရားခံမှုတွေအတွက်ရော ကိုယ့်ဒေသအသံ ကို အများပြည်သူသိရှိအောင် အသံထွက်ခွင့် ပြောဆိုခွင့်ရနေကြရဲ့လား ။
ဖြေ ။ ဟင့်အင်း ။ မရဘူး ၊ အဲဒါတွေက ကျွန်တော်တို့က ပြည်သူဆိုတော့ ဘယ်လိုပြောရမလဲ ၊ နှစ်ဖက်စလုံး ၊ ဟိုဘက် မှားလည်း ကျွန်တော်တို့မှာထပြောခွင့်မရှိဘူး ။ ဒီဘက်က ကိုယ့်ဘက်က PDF တွေမှားလည်း အမှားလုပ်လည်း ပြောပိုင်ခွင့်လဲမရှိဘူး ။ တစ်ခုရှိတာကတော့ စစ်ခွေး(စစ်တပ်)လုပ်တဲ့အချိန်ဆိုရင်တော့ ကျွန်တော်တို့ပြောချင်တာ ပြောမရဘူးပေါ့ ။ PDF တွေလုပ်ရင်တော့နည်းနည်းပါးပါး ပြန်ပြောလို့ရတယ် ။ပြောခွင့်ရှိတယ် ။ သူတို့တွေ လက်နက်နဲ့ခြိမ်းခြောက်လာရင်တော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရတော့ဘူး ။ နှစ်ဖက်စလုံးပေါ့ ။
DW ။ သတင်းအချက်အလက် ရရှိမှုနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာပြောပြပေးပါ ။.
ဖြေ ။ အင်တာနက်တွေ ပြတ်နေတာကတော့ လိုင်းတွေ ၊ အင်တာနက် တွေ ရှိနေမှသာ ကျွန်တော်တို့တတွေ သတင်းတွေကြည့်ရမယ် ။ ပြီးတော့ ဘယ်လိုဖြစ်ပျက်နေလဲ ၊ အခြားနေရာတွေမှာရော ဖြစ်နေတာတွေ အားလုံး နားထောင်မှပဲ အဆင်ပြေမယ်လေ။
“သတင်းကိုဈေးသည်ပြောမှ သိတာများတယ်”
ထားဝယ်မြို့နယ် မြေးခံဘော်အုပ်စုမှ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီး
DW ။ သတင်းအချက်အလက်ကို ဘယ်ကနေရယူနေပါသလဲ ။ ရရှိတဲ့ သတင်းအချက်အလက်က လုံလောက်လား ။ ယုံကြည်လို့ရလား ။
ဖြေ ။ သတင်း ကိုအများအားဖြင့်ဈေးသည်ဆီကပဲ ရတာများတယ်။ ဈေးဆိုင်ကယ်တွေဆီကပေါ့။ အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်မရှိတဲ့ ရွာသားတွေပေါ့နော်။ သတင်းကိုဈေးသည်ပြောမှ သိတာများတယ်။
DW ။ လက်ရှိသတင်းအချက်အလက်က ဘယ်ကနေစီးဆင်းနေလဲ (လက်နက်ကိုင် တပ်ဖွဲ့ ၊ နယ်မြေခံ အဖွဲ့အစည်း ၊ သတင်းစာ ၊ အွန်လိုင်း စသဖြင့် )
ဖြေ ။ အဖွဲ့အစည်းတွေက သတင်းအချက်အလက်ကိုတော့ ပုံမှန်ရွာသားတွေမသိတာကများတယ်။ အဖွဲ့အစည်းနဲ့အဆက်သွယ်ရှိတဲ့ ရွာသားတွေက အနည်းငယ်တော့သိတယ်။
DW ။ သတင်းအချက်အလက် ရရှိမှုက လျော့နည်းနေတယ်လို့ ယူဆမိရင် သတင်းအချက်အလက် ရဖို့အတွက် ဘယ်လိုကြိုးစားလဲ ၊ ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ တစ်ယောက်မှတော့ မကြိုးစားကြဘူး။
DW ။ သတင်းအချက်အလက် တွေက နေ့စဥ်ဘဝမှာ ဘယ်လောက်အထိအရေးပါနေလဲ ။
ဖြေ ။ တော်တော်လေးတော့အရေးကြီးတယ်။ စီးပွားရေးလုပ်ငန်းမှာဆို တော်တော်လေးဆုံးရှုံးမှုရှိတယ်။ သတင်းအချက်အလက်သာမရရင် လက်ဝါးကြီးအုပ်တဲ့သူနဲ့ ချယ်လှယ်တဲ့သူ တော်တော်များတယ်။
DW ။ လက်ရှိ ဒေသရဲ့ အင်တာနက်နဲ့ ဆက်သွယ်ရေးအခြေအနေကဘယ်လိုရှိလဲ ။ ဘာအခက်အခဲတွေ ရှိလဲ ။ သတင်းအချက်အလက် ရရှိမှုအတွက် ဘာအဟန့်အတားတွေ ဖြစ်စေလဲ ။
ဖြေ ။ ဖုန်းလိုင်းအခြေအနေက အကုန်ဖြတ်တောက်ထားလို့ တော်တော်လေးခက်ခဲပါတယ်။ အင်တာနက်ရဖို့တော့အဝေးကြီးကိုသွားရတယ်။
DW ။ ကိုယ့်ဒေသမှာဖြစ်တဲ့ ဖိနှိပ်ခံရမှု ၊ မတရားခံမှုတွေအတွက်ရော ကိုယ့်ဒေသအသံ ကို အများပြည်သူသိရှိအောင် အသံထွက်ခွင့် ပြောဆိုခွင့်ရနေကြရဲ့လား။
ဖြေ ။ အသံထွက်ခွင့်မရှိပါဘူး။ အသံထွက်ခဲ့ရင်လည်း အဖွဲ့အစည်းပုံရိပ်ပျက်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့တင် ဘာမှတောင်ဆက်လုပ်လို့မရပါဘူး။
DW ။ သတင်းအချက်အလက် ရရှိမှုနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာပြောပြပေးပါ ။
ဖြေ ။ သတင်းရရှိမှုကတော့ တော်တော်အားနည်းတယ်။ လိုင်းပေါ်ကသတင်းတွေကလည်း ဘာမှယုံရတာမဟုတ်ဘူး။ ဈေးသည်ရွာရောက်ရင် ဒီနေ့အတွက်စိတ်ချရတယ်။ ဈေးသည်မရောက်ရင်တော့ နည်းနည်းစိတ်ပူရတယ်။
DW ။ ကျေးဇူးတင်ပါတယ် ။







