BREAKING
November 13, 2025

လောင်းလုံးတွင် တိုက်ပွဲဖြစ်ပြီးနောက် ကမြောကင်းတံတားဂိတ် အစစ်အဆေးပြန်တင်းကျပ်

November 13, 2025

လောင်းလုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများကို အစစ်အဆေး တင်းကျပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်တွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ၌ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် လောင်းလုံးနှင့် ထားဝယ်ကို ဆက်သွယ်ထားသည့် အဆိုပါဂိတ်တွင် အစစ်အဆေး ပြန်လည် တင်းကျပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှလာသည့် ဆိုင်ကယ်၊ စက်ဘီးများ ဂိတ်ရှေ့သို့ မရောက်မီ ဆင်းတွန်းကြရပြီး သုံးဘီးယာဉ်နှင့် ကားပေါ်လိုက်ပါလာသည့် ခရီးသည်များမှလည်း ယာဉ်ပေါ်ကဆင်း၍ လမ်းလျှောက်သွားလာရကာ အစစ်အဆေးခံရကြောင်း ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။

“မနေ့ (နိုဝင်ဘာ ၁၂ ) က နေ့လယ်ပိုင်းစပြီး (စစ်ဆေးတာ) ပြန်လုပ်လာတယ်။ အကုန်ဆင်းတွန်းရတယ်။ ကလေးပါလည်း မရဘူး၊ ကျောင်းသား၊ ကျောင်းသူပါလည်း မရဘူး၊ အကုန်ဆင်းတွန်းပြီး လမ်းဆင်းလျှောက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် ထားဝယ်မြို့မှလာသည့် တံတားဘက်ခြမ်းတွင်လည်း နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှစ၍ မှတ်ပုံတင်များ ပြသပ၍ အစစ်အဆေးခံနေရကြောင်း မြို့ခံခရီးသွားအချို့ထံမှ သိရသည်။

ကမြောကင်းတံတားဂိတ်ရှိ စစ်အာဏာရှင်တပ်က စစ်ဆေးတင်းကျပ်မှုများကို ကာလအတန်ကြာ ဖြေလျှော့ပေးထားခဲ့ပြီးမှ ယခုတဖန်ပြန်၍ အစစ်အဆေးတင်းကျပ်လာကြောင်း မြို့ခံများက ဆိုသည်။

တိုက်ပွဲကြောင့် လောင်းလုံးဒေသခံများ မြို့ပေါ်သို့ တိမ်း‌ရှောင်မှုများလာသည်အတွက် ယခုရက်ပိုင်း ပုံမှန်ထက် အစစ်အဆေးတင်ကျပ်နေကြောင်း လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်က ဒေသခံနေအိမ်နှစ်ဆောင်နှင့် ပြည်သူပိုင် ဆိုင်ကယ် သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

တိုက်ပွဲကြောင့် ကျေးရွာ လေးရွာထက်မနည်းက ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားသော်လည်း လောင်းလုံးမြို့အနီးဝန်းကျင်တွင် နေရာယူထားဆဲဖြစ်ကြောင်း‌ ဒေသခံများထံမှ သိရသည်။