BREAKING
November 13, 2025

မောတောင်မြို့ တိုက်ပွဲတွင် စစ်အာဏာရှင်တပ် နှစ်ရက်အတွင်း လေယာဉ်ဖြင့် ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲ

November 13, 2025

ပုံစာ - မောတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသေကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများကို နိုဝင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၈ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ရက် မွန်းလွဲ ၁နာရီတွင် တော်လှန်‌‌ရေးတပ်များက မောတောင်မြို့အဝင် စစ်အာဏာရှင် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာမှ တိုက်ပွဲပြင်းထန်လာပြီး သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းနောက် နိုဝင်ဘာလ ၁၂ရက်နှင့် ယနေ့ နိုဝင်ဘာလ ၁၃ရက်တို့တွင် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ရှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“လေကြောင်းက တစ်ခါလာရင် အကြာကြီး ကောင်းကင်မှာလာဝဲနေတယ်။ ညကလည်း တစ်ညလုံး သွားလိုက်၊ လာလိုက် အလုံးလေးဆယ်ဝန်းကျင်လာကြဲသွားတယ်။ တစ်စီးပြီး တစ်စီးတက်လာနေတယ်။ အခုအထိလည်း တက်နေဆဲ” ဟု အထက်ပါ ‌တပ်ဖွဲ့ဝင်က ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်တွင်ပြောဆိုသည်။

ဂျက်တိုက်လေယာဥ်နှင့် Y-12 လေယာဉ်တို့ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး Y-12လေယာဥ်လာပါက ကောင်းကင်တွင် နှစ်နာရီခန့်ကြာ ပျံဝဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“တစ်စင်းပြီး တစ်စင်းတက်နေတယ်။ မနေ့ (နိုဝင်ဘာ ၁၂ရက်) ကဆို ညနေဘက် ၆နာရီလောက်မှ ပြန်သွားပြီး ညဘက် ကလည်း ၂ချက်ထိုး (၂နာရီ)‌တောင် မနားသေး လာချနေတယ်။ ဒီနေ့ (နိုဝင်ဘာ ၁၃ရက်) လည်း ကြက်တွန် ၅နာရီပဲ ရှိသေးတယ်။ လာချသွားတယ်” ဟု ၎င်းက ပြောသည်။

လေယာဉ်ဖြင့် မောတောင်မြို့ထဲသို့ အဓိကကြဲချနေပြီး ထိခိုက်မှုများကို တည်ပြုနေဆဲဖြစ်ကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်များက ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ရက် ညသန်းခေါင် ၁၂နာရီကျော်နှင့် ယနေ့ နံနက် ၁နာရီဝန်းကျင်တို့တွင် တနင်္သာရီမြို့နယ် တကူရွာတွင်လည်း လေယာဉ် နှစ်ကြိမ်လာဝဲခဲ့သေးကြောင်း တကူဒေသခံတစ်ဦးက ဆိုသည်။

မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များကြား ယနေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။