ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ်က အင်အားရာချီစုစည်းပြီး လောင်းလုံးတစ်ဖက်ကမ်းရှိ မင်းရပ်ကူးတို့ဆိပ်ကမ်းသို့ စစ်အင်အား အများအပြားပို့ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့(နိုဝင်ဘာ ၁၃) နေ့လယ်မှစကာ စစ်အာဏာရှင်တပ်သားများကို စစ်ကားကြီးများဖြင့် တင်ဆောင်ကာ ထားဝယ်မြစ်ဘေး ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ဆိပ်ကမ်းဘက် ပို့ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
ကြက်စားပြင်ရပ်ကွက်မှာ ထားဝယ်မြို့၏ တောင်ဘက်အစွန်းတွင် တည်ရှိပြီး မျက်နှာချင်းဆိုင်တွင် လောင်းလုံးမြို့နယ်တည်ရှိသည်။
ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ-၈) ဘက်မှ လာသည့် စစ်ကားများက အာဇာနည်လမ်းအတိုင်းဆင်းလာပြီး မင်းရပ်ကူးတို့ဆိပ်ကမ်းဘက် သွားနေကြောင်း အဆိုပါမြို့ခံကပြောသည်။
စစ်ကားတစ်စီးလျှင် အင်အား ၄၀ ခန့်လိုက်ပါလာပြီး ကား ၇ စီးခန့်ဖြင့် အကြိမ်ကြိမ် သယ်ဆောင်နေကြောင်း အထက်ပါမြို့ခံက ဆိုသည်။
“အတော်များတယ်။ ကားတွေအခေါက်ခေါက်သယ်နေတာ။ ဒီလိုအများကြီး နေ့ခင်းဘက်သယ်တာ မမြင်ဖူးဘူး”ဟု ၎င်းက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း ထားဝယ်မြို့ပေါ်တွင် စစ်အာဏာရှင်တပ်အလှုပ်အရွှေ့များနေပြီး စစ်ကားများအပြင် မြေသယ်ကားများဖြင့်လည်း မင်းရပ်ကူးတို့ဆိပ်ရှိရာ ကြက်စားပြင်ရပ်ကွက်ဖက် ပို့ဆောင်နေသည်ကိုတွေ့ရသည်ဟု ဆိုသည်။
“စစ်ထွက်ယူနီဖောင်း ဘောင်းဘီတိုနဲ့ ဦးထုပ်ကျည်ကာအင်္ကျီတွေနဲ့ လောင်းလုံးဘက်ကို သွားမလားမသိဘူး”ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်က နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုကြောင့်လည်း လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကူပို့ရန် ပြင်ဆင်နေသည်ဟု မြို့ခံများက ထင်မြင်ယူဆနေကြသည်။
အထက်ပါ ယာဉ်တန်းပေါ်တွင် အသက်ငယ်ရွယ်သည့် စစ်အာဏာရှင်တပ်သားများလည်း တွေ့ရသလို ရိက္ခာပစ္စည်းများလည်းတွေ့ရကြောင်း မြို့ခံများက ပြောဆိုကြသည်။
“ပစ(စစ်မှုထမ်း)တွေပါမယ်ထင်တယ်။ လူငယ်လူရွယ်တွေများတယ်။ ကားအနောက်ဘက်မှာ တွေ့လိုက်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသလို ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ် မောတောင်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။
ထို့အပြင် ပြည်ထောင်စုလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ်တောင်ပိုင်းကျေးရွာများကိုလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသည်။







