ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် နိုဝင်ဘာလ ၁၂ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့အတွင်းတွင် ပိတ်မိနေသည့် မြို့ခံတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအတွင်း အသက် ၃၀ ဝန်းကျင်အရွယ် မြို့ခံ အမျိုးသားတစ်ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒဏ်ရာကတော့ နံရှိုက်မှာ ထိထားတယ်။ တိုက်ပွဲအတွင်း ထိသွားတယ်။ (မောတောင်မြို့ထဲမှာ) ပိတ်မိနေတော့ တိုက်ပွဲ ဖြစ်ချိန် အပြန်အလှန်ပစ်ခတ်နေရင်း ထိသွားတော့ ရွာသားတွေ အချင်းချင်းသယ်ထုတ်လာတယ်” ဟု ၎င်းက ပြောသည်။
လူနာကို နယ်စပ်ဘက်သို့ သယ်လာပြီး ထိုင်း-မြန်မာနယ်စပ် အလယ်ဂိတ်သို့ရောက်စဥ် ထိုင်းဘက်မှ နာရေးကားဖြင့် လာခေါ်သွားကာ ပရာကျွတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် မြန်မာတစ်ဦးက ပြောဆိုသည်။
မောတောင်မြို့ထဲ ပိတ်မိနေသူများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အချို့ကိုမူ တော်လှန်ရေးတပ်များက တွေ့သဖြင့် ကယ်ထုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“မြို့ထဲမှာ ပိတ်မိသူက ပိတ်မိနေတယ်။ မြို့ထဲမှာ လေကြောင်း ဗုံးတွေလာကျတော့ ကြောက်ပြီး ထွက်ပြေးသူကပြေး။ ဒဏ်ရာရသူတွေလည်း ရှိတယ်။အရေအတွက်တော့ တိကျ မသိရသေးဘူး” ဟု ပိတ်မိနေသူ အချို့နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
တိုက်ပွဲမှာ ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မောတောင်မြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်းနယ်စပ်နှင့် အခြားဘေးလွတ်ရာတို့တွင် တိမ်းရှောင်နေရသည့် စစ်ရှောင် စုစုပေါင်း သုံးထောင်ဝန်းကျင်ရှိကြောင်း ဒေသခံများနှင့် စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။







