BREAKING
November 13, 2025

မြန်မာအပါအဝင် သုံးနိုင်ငံက ကျားဖြန့်များကို နှိမ်နှင်းရန် အမေရိကန် အထူးတပ်ဖွဲ့ ဖွဲ့စည်း၊ DKBA ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့

November 13, 2025

တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်သွယ်နေသော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် Scam Center Strike Force ဟုခေါ်သည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

Scam Center Strike Force အထူးတပ်ဖွဲ့တွင် အမေရိကန်ပြည်ထောင်စု တရားရေးဌာန၊ FBI အထူးတပ်ဖွဲ့၊ လျှို့ဝှက်အေဂျင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

အထူးတပ်ဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရှိ ကျားဖြန့်လုပ်ငန်းများကို ဦးဆောင်နေသူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထူးတပ်ဖွဲ့က ကျားဖြန်းလုပ်ငန်းများကို ဖြိုခွင်း၍ တရားဥပဒေအရ အရေးယူမှုများပြုလုပ်ကာ လိမ်လည်ရယူထားသော Crypto ကဲ့သို့ငွေကြေးများကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်သည်။

သိမ်းဆည်းရမိသော ငွေကြေးများကို လိမ်လည်ခံရသူများထံသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်းတွင်ပင် crypto-currency အောက်တွင် အလိမ်ခံရသူပေါင်း ၃၀၀၀ ကျော်က ဆက်သွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျားဖြန့်လုပ်ငန်းများနှင့် ပက်သက်၍ နောက်ကွယ်က ကြိုးကိုင်လုပ်ဆောင်နေသော DKBA ခေါင်းဆောင်များကိုလည်း ရာဇဝတ်မှုများကို ကူညီပံ့ပိုးပေးမှုကြောင့် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ကြေညာသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသော DKBA ခေါင်းဆောင် လေးဦးမှာ စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနှင့် စောဆန်းအောင် တို့ပါဝင်သည်။

နောက်ထပ် ထိုင်းနှင့် တရုတ်လုပ်ငန်းရှင်များနှင့် ဆက်စပ်နေသော Trans Asia ကုမ္ပဏီ၊ ဒါရိုက်တာဖြစ်သူ Chamu Sawang နှင့် မြန်မာနိုင်ငံ အခြေစိုက် Troth Star ကုမ္ပဏီများလည်း ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်သည်။

ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံဘက်ခြမ်း KK Park တွင် ဖွင့်ထားသော ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သော ကုမ္ပဏီများဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်သည်။

ထို့ကြောင့် DKBA က ကျားဖြန့်လုပ်ငန်းများကဲ့သို့ ရာဇဝတ်မှုများ လုပ်ဆောင်နိုင်ရန် အထောက်အပံ့များ ရရှိနေပြီး မူးယစ်ဆေးဝါး၊ လူ၊ လက်နက်နှင့် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုများကို တရုတ်နိုင်ငံမှ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: US Department of the Treasury, US Attorney’s Office