BREAKING
November 13, 2025

တန်ဆောင်တိုင်ပြီးနောက် ထားဝယ်တွင် စစ်အာဏာရှင်တပ် ညဘက် စစ်မှုထမ်းဝင်ဆွဲ

November 13, 2025

ပုံစာ - ပလောက်မြို့ တွင်ပြုလုပ်ခဲ့သည့် စစ်မှုထမ်း အပတ်စဥ် ၁၈ ဖွင့်ပွဲ ။ ဓာတ်ပုံ - MOI

ထားဝယ်မြို့တွင် တန်ဆောင်တိုင်ကာလပြီးနောက် နိုဝင်ဘာလ ဒုတိယအပတ်တွင် စစ်အာဏာရှင်တပ်က နေအိမ်များကို ညဘက်ဝင်ရောက် စစ်မှုထမ်း ဖမ်းဆီးစုဆောင်းမှု ပြန်လုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ရက် ညက ဘုမ္မော်၊ ဆန်းချီ၊ ညောင်ရမ်းတောင်၊ ပိန္နဲတော စသည့် ရပ်ကွက်များတွင် နေအိမ်အချို့ကို စစ်အာဏာရှင်တပ်က ဝင်ရောက်ကာ စစ်မှုထမ်း စုဆောင်းခဲ့ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

ဘုမ္မော်ရပ်ကွက်၊ (၂) လမ်းတွင် နေအိမ်နှစ်အိမ်အား ညသန်းခေါင်ယံအချိန်တွင် စစ်အာဏာရှင်တပ်သားများ လာရောက်ကာ အမျိုးသားတစ်ဦး စစ်မှုထမ်းစုဆောင်းသွားကြောင်း ဘုမ္မော်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“နှစ်အိမ်ဝင်တာ တစ်အိမ်ပါသွားတယ်။ ယောက်ျားလေး တစ်ယောက်ပါသွားတယ်။ နောက်တစ်အိမ်က ကာယဗလမောင် တစ်ယောက်ရဲ့အိမ်။ သူက အိမ်မှာ မရှိလို့ မပါသွားဘူး။ လာရှာနေတာတော့ နှစ်ခါရှိပြီ” ဟု ၎င်းက ပြောသည်။

ညောင်ရမ်းတောင်ရပ်ကွက်တွင်လည်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ညဘက်နေအိမ်၌ စစ်မှုထမ်း စုဆောင်းခံရကြောင်း ကာယကံရှင်၏ မိတ်ဆွေတစ်ဦးက အတည်ပြုပြောဆိုသည်။

အဆိုပါ ညတွင် ဆန်းချီ၊ ၊ ပိန္နဲတော ရပ်ကွက်များရှိ နေအိမ်အချို့ကိုလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

အဆိုပါရပ်ကွက်နှစ်ခုတွင် လူငယ်များ ဖမ်းဆီးခေါ်ဆောင်ခံရသူ ရှိမရှိကို မသိရသေးပေ။

နိုဝင်ဘာလ ၁၀ ရက်တွင်ပင် နေ့လယ်ပိုင်း၌ စစ်အာဏာရှင်တပ်သားများသည် အင်အားအလုံးအရင်းဖြင့် ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့တွင် အမျိုးသားသုံးဆယ်ခန့်ကို အာဆီယံ အရွက်ပြုတ်ရည်ရောင်းဝယ်သုံးစွဲသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၁၂ ဦးကို စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် တန်ဆောင်ကာလတွင်လည်း ညမထွက်ရအမိန့်ကို ခြောက်ရက်တာ ရုပ်သိမ်းခဲ့သော်လည်း မသင်္ကာမှုဖြင့် ကားပေါ် တင် ဖမ်းဆီးခေါ်ဆောင်ခံရသူ သုံးဦးထက်မနည်းရှိပြီး ၎င်းတို့၏ နောက်ဆက်တွဲ အခြေအနေကိုလည်း မသိရသေးပေ။

သီတင်းကျွတ် သပိတ်မျှောပွဲတော်ကာလနှင့် ပွဲတော်ပြီး ရက်သတ္တပတ်တွင်လည်း ထားဝယ်မြို့ပေါ်ရပ်ကွက်နှင့် မြို့အဝင်အထွက်ဂိတ်များတွင် လူငယ် ငါးဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရပြီး တစ်ဦးမှာ စုဆောင်းခံရသည့် ညတွင်ပင် သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသူများကို အဓမ္မစစ်မှုထမ်းစုဆောင်းနေသလို နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခံရသူများ၊ အကြောင်းအမျိုးမျိုးကြောင့်လမ်းခရီးတွင် ဖမ်းဆီးခံရသူများ၊ လူစားထိုးခံရသူများကို စစ်မှုထမ်း စုဆောင်းနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၈ အထိရောက်ရှိနေပြီ ဖြစ်သည်။