BREAKING
November 13, 2025

လောင်းလုံး၊ ညင်းမော်ရွာရှိ နေအိမ်နှစ်ဆောင်ကို စစ်အာဏာရှင်တပ်မီးရှို့၊ ဒေသခံထောင်ချီထွက်ပြေး

November 13, 2025

ပုံစာ - မီးရှို့ဖျက်ဆီးထားသည့် ဆိုင်ကယ်များ။ ဓာတ်ပုံ - ပေးပို့

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရင်းဘုတ်ရွာရှိ နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်သည်။

စစ်အာဏာရှင်တပ်က နိုဝင်ဘာလ ၁၀ ရက်နေ့မှစပြီး ညင်းမော်ကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ရင်းဘုတ်ကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် အရပ်သားနေအိမ်နှစ်ဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“ညနေပိုင်းမှာ ရွာဖက်ကနေ မီးခိုးတွေထွက်လာလို့ မေးလိုက်တာ တိုက်ပွဲဖြစ်တဲ့နေရာနားက အိမ်နှစ်ဆောင်ကို သူတို့(စစ်အာဏာရှင်တပ်)က ရှို့ပစ်လိုက်တယ်လို့ ကြားရတယ်” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောဆိုသည်။

နှစ်ထပ်အိမ်တစ်ဆောင်နှင့် ဓနိမိုးအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ညင်း‌မော်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်း၊ ရေဖြူကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှ ‌ထောင်ချီသည့် ဒေသခံများလည်း စစ်ဘေးရှောင်ထွက်ပြေး နေကြရသည်။

စစ်အာဏာရှင်တပ်သားများက ညင်းမော်ရွာရှိ နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့်ပြင် ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များကို ရိုက်ဖျက်မွေနှောက်ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း ဒေသခံအချို့ ထိခိုက်ဒဏ်ရာရှိသွားကြောင်းလည်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ညင်းမော်ကျေးရွာတွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသေးပြီး စစ်အာဏာရှင်တပ်၏ Y12 လေယာဉ်လည်း တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်သို့ ပျံသန်းနေကြောင်း တွေ့ရသည်။