မြိတ်မြို့ အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာနှင့် ကော့သောင်းမြို့ အေးငြိမ်းချမ်းသာ မဟာစည်သာသနာ့ရိပ်သာ တို့ကို တည်ထောင်ခဲ့သည့် ဘဒ္ဒန္တအာလောက မထေရ်သည် နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက လူကြီးရောဂါဖြင့် ကော့သောင်းမြို့ စံကျောင်း၌ ပျံလွန်တော်မူကြောင်း တပည့်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၆၆ ဝါ ရှိပြီဖြစ်သည်။
ကော့သောင်းမြို့၏ သြဝါဒစရိယဆရာတော်ဖြစ်သလို ဝိနယနုဂ္ဂဟစာမေးပွဲ၏ အကြီးအကဲဆရာတော်တစ်ပါးလည်းဖြစ်ပြီး နိုင်ငံတော်က ချီးမြှင့်ထားသည့် တရားပြသာသနာပြုဘွဲ့တံဆိပ် မဟာကမ္မဌာနစရိယ ဘွဲ့ကိုရရှိထားသည့် ဆရာတော် ဖြစ်သည်။
ဆရာတော်၏ စျာပနကို ခုနစ်ရက်အပူဇော်ခံကာ နိုဝင်ဘာလ ၁၈ရက်တွင် မြို့တွင်းလှည့်လည်အပူဇော်ခံပြီး ကော့သောင်းမြို့ ရွှေပြည်သာသုသာန်တွင် အန္တိမစျာပနပြုလုပ်၍ မီးသင်္ဂြိုဟ်ပူဇော်မည်ဖြစ်ကြောင်း ကော့သောင်းမြို့ အေးငြိမ်းချမ်းသာ မဟာစည်သာသနာ့ရိပ်သာမှ ဆရာတော်ကြီး၏ တပည့်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ဆရာတော်သည် မန္တလေးတိုင်း၊ ရမည်းသင်းဇာတိဖြစ်ပြီး လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်ကတည်းက ကော့သောင်းမြို့တွင် သီတင်းသုံးကာ မဟာစည်ဆရာတော်၏ ကမ္မဌာန်းနည်းဖြင့် ပဋိပတ္တိ တရားဟော၊ တရားပြခဲ့သည်။
ယင်းအပြင် စာပေသင်ယူနေသော စာသင်သားများအား ထောက်ပံ့သည့် ပရိယတ္တိလုပ်ငန်းများလည်း ဆောက်ရွက်ခဲ့သည်။







