BREAKING
October 18, 2025

သရက်ချောင်းက ကျေးရွာသုံးရွာတွင် နေအိမ်ငါးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ထပ်မံမီးရှို့ဖျက်ဆီး

October 13, 2025

ပုံစာ - စက်တင်ဘာလ ၃၀ ရက်နေ့က ကျောက်လှေကားရွာမှ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ်။(ပုံဟောင်း)

သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကားကျေးရွာများက အရပ်သားနေအိမ် ၅၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့က ပြောသည်။

အောက်တိုဘာလ ၉ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၇လုံး၊ စော်ဖျားရွာနှင့် ကျောက်လှေကားရွာတွင်လည်း အရပ်သား နေအိမ် ၃၀ ခန့် မီးရှို့ခံရကြောင်း ရွာထဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အားလုံးပေါင်းဆို ငါးဆယ်လောက်တော့ရှိမယ်။ ကင်းရှေ့ရွာမှာလည်း အိမ်တွေ ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေ သယ်သွားကြတာ မနည်းဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် စော်ဖျား၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့စသည့်ကျေးရွာများက ဒေသခံများ၏ ဆိုင်ကယ်အစီးရေ ၂၀ ခန့်၊ ထော်လာဂျီကား တစ်စီး၊ စက်ဘီးနှင့် ဘေးတွဲဆိုင်ကယ်အပါအဝင် အိမ်ထောင် ပရိဘောဂပစ္စည်များကို သိမ်းယူသွားကြောင်း ကင်းရှေ့ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဆိုသည်။

“ကျွန်မတို့ရွာကို မီးမရှို့သွားဘူးဆိုပေမယ့် အိမ်တွေအကုန်ဖောက်ပြီး TVတွေ ဗီရိုတွေရိုက်ဖျက်ခဲ့တယ်။ သယ်လို့ရတဲ့ဟာ တွေလည်း သယ်သွားတာမနည်းဘူး။ ကျွန်မတို့အိမ်မှာလည်း ပစ္စည်းတွေ သိန်း ၇၀ ကျော်ဖိုးလောက်ရှိမယ်ပါသွားတာ။ ပထမတစ်ခါ စော်ဖျားကို မီးရှို့တုန်းကလည်း ကျွန်မတို့ အိမ်နှစ်ဆောင် မီးရှို့ခံရသေးတယ်။ ဘာကြောင့်ရှို့လဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကြောင်းသည် စော်ဖျား၊ မိုးရွှေကုန်းရွာက ထွက်လာပြီး အောက်တိုဘာလ ၁၂ရက် ညပိုင်းတွင် ရောင်းမော်ရွာတွင် စခန်းချခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၃ရက် နံနက် ၃ နာရီခွဲတွင် ရောင်းမော်ရွာမှ သင်းကျွန်းရွာသို့ ရောက်ရှိနေသဖြင့် စစ်ဘေးရှောင်များ မိမိနေအိမ်များကို ဝင်ရောက်ကြည့်ရှုကြရာတွင် နေအိမ်များမီးရှို့ထားမှုနှင့် အိမ်ရှိပစ္စည်းများ ယူဆောင်သွားခြင်းကို သိရှိရခြင်းကြောင်း ၎င်းတို့က ဆိုသည်။

ဩဂုတ်လအတွင်းကလည်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ယခုထပ်မံ မီးရှို့ခံရခြင်းဖြစ်သည်။

ဩဂုတ်လ ၂၂ ရက်၊ ၂၅ ရက်တွင် စော်ဖျားရွာ၊ မိုးရွှေကုန်းရွာက နေအိမ် ၇၀ခန့်၊ စက်တင်ဘာလ ၇ရက်တွင် ရန်တောင်၊ သင်းကျွန်းရွာက နေအိမ် ၃၇ လုံး၊ စက်တင်ဘာ ၂၉ရက်နှင့် ၃၀ ရက်တွင် ကျောက်လှေကားရွာက အရပ်သားနေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် သရက်နှစ်ခွရွာ တံတားစစ်ဆေးရေးဂိတ်နှင့် ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ် အနီးဝန်းကျင်က ကျေးရွာတစ်ဆယ်ကျော်ကို လနှင့်ချီကြာ စစ်ကြောင်းထိုးနေသည်။

စစ်ကြောင်းထိုးနေစဉ်ကာလအတွင်း အရပ်သားများကို လူသားဒိုင်းသဖွယ် ဖမ်းဆီးကာ လမ်းပြလုပ်ခိုင်းခြင်း၊ ‌၎င်းတို့၏ ပစ္စည်းများကို သယ်ခိုင်းပြီး ပေါ်တာဆွဲခြင်း၊ အမျိုးသမီးများကို ထမင်းဟင်းများ ချက်ခိုင်းခြင်း၊ အရပ်သားနေအိမ်က ပစ္စည်းများကို သိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားအချို့ကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

ယင်းအပြင် ဥတ္တူရွာက အသက် ၇၀ကျော်အရွယ် မသန်စွန်း အဘွားတစ်ဦးကို မုဒိန်းကျင့်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။