ရေဖြူမူးဒူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဒေသခံများ၏ နေအိမ်များကိုဖောက်ထွင်းကာ စားနပ်ရိက္ခာများကိုယူပြီး ချက်ပြုတ်စားသောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ မူးဒူးကျေးရွာသို့ စတင်ရောက်ရှိလာကာ မူးဒူးကျောင်းကြီး(ဘုန်းကြီးကျောင်း)တွင် တပ်စွဲနေထိုင်ပြီး ရွာထဲသို့ နေ့တိုင်းဝင် ရောက်၍ ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ ရိက္ခာများယူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အိမ်တွေကိုလည်းဖောက်တယ်။ ကြက်တွေ့ရင်ကြက်ဆင်းပစ်တယ် ပြီးယင်းကျောင်းကို ပြန်တက်သွားတာပဲ”ဟု ယင်းအမျိုးသားကပြောသည်။
အဆိုပါစစ်ကြောင်းမှာ အင်အား ၁၀၀ နီးပါးရှိပြီး အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ရွာသို့ရောက်လာပြီး ယင်းမှတစ်ဆင့် မူးဒူးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထိုင်နေခြင်းဖြစ်သည်။
ယင်းစစ်ကြောင်း ရောက်လာချိန်မှစ၍ ဒေသခံပြည်သူအများစု နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း အင်အား ၈၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းမှာလည်း ရေဖြူမြို့နယ်၊ရလိုင်ကျေးရွာမှတစ်ဆင့် ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းသို့ အင်အားဖြည့်လာရောက်ပူးပေါင်းထားသေးကြောင့် ဒေသခံများထံမှသိရသည်။
ယင်းအပြင် ရေဖြူမြို့နယ်၊ကံပေါင်ဒေသမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းမှာလည်း ဇာဒီ၊ဒိုင်တကော်၊ ခေါင်ပြန်လမ်းအတိုင်းကုန်း ကြောင်း၊ ရေကြောင်းဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ နဘုလယ်ဒေသအတွင်းသို့ အောက်တိုဘာလ ပထမပတ်မှစ၍ အင်အားဖြည့်စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ ယနေ့ညနေပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ နဘုလယ်ဒေသ၊ထွက်ဝကျေးရွာသို့ ရောက်ရှိတပ်စွဲထားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“အခုရေလမ်းကနေလာတဲ့ အင်အား ၆၀ လောက်က ထွက်ဝရွာအနီးက ဘုရားတောင်မှရှိနေတယ်။ ကံပေါင်ဘက်ကလာတဲ့ စစ်ကြောင်းကလည်း အခုထွက်ဝရောက်နေတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
အောက်တိုဘာလ ပထမဆယ်ရက်အတွင်း စစ်အာဏာရှင်တပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ အင်အားထပ်ဖြည့်နေသည်မှာ အင်အား ၃၀၀ကျော်ခန့်အထိ ရှိလာပြီဖြစ်၍ ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။