တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့ကို စစ်အာဏာရှင်တပ်က လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ် နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ရက်နေ့က တကူကျေးရွာ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်ဗုံးကြဲမည်ဟုသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် ဒေသခံအများစုက အခြားကျေးရွာများသို့ ပြောင်းရွှေ့နေကြောင်း တကူရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
ထိုကြောင့် မီးသတ်ရုံးဗုံးကြဲခံရပြီးချိန်မှ ယနေ့(အောက်တိုဘာလ ၁၃ရက်) အထိ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“လေကြောင်းထပ်ကြဲမယ်ဆိုပြီး သတင်းထွက်နေတော့ ရွာမှာနေမရဲတော့ဘူး။အခြားရွာကို ပြောင်းနေကြတယ်။ ရွာထဲမှာလည်း လူသိပ်မရှိတော့ဘူး။ဆိုင်တွေလည်း ပိတ်တဲ့ဆိုင်ကများနေတယ်”ဟု အထက်ပါဒေသခံက ပြောသည်။
တကူကျေးရွာအုပ်စုတွင် ကျေးရွာ တစ်ဆယ်ကျော်ရှိသော်လည်း အင်းရှည်ကုန်း၊ သံတိုက်၊ ပြည်အေး စသည့်ကျေးရွာ ၆ ရွာဝန်းကျင်နေ ပြည်သူများ ရှောင်တိမ်းနေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပဝကျေးရွာအုပ်စုရှိ ကျေးရွာများတွင်လည်း လေကြောင်းတိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် ရွာအတွင်းရှိဒေသခံများက ဥယျာဥ်ခြံများနှင့် နီးစပ်ရာရွာများသို့ ပြောင်းရွေ့နေထိုင်ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါကျေးရွာအုပ်စုရှိ ပြည်သူများက အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေကြပြီး ယနေ့အထိ နေအိမ်မပြန်ကြသေးကြောင်း ဒေသခံအချို့က ဆိုသည်။
“အပေါ်ကောင်(လေကြောင်း)လာမယ်လို့ သတင်းရလို့ဆိုပြီး ပြောင်းကုန်တယ်။ခြံထဲကနေ ရွာကိုပြန်ဝင်လာတော့ ရွာမှာလူသိပ်မရှိတော့ဘူး။အကုန်လုံးနီးပါး နေရာရွှေ့ကုန်ကြပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် ပြည်အေးရွာ၊ သံတိုက်ရွာ၊ အင်းရှည်ကုန်းရွာနှင့် ပဝရွာ အပါအဝင် ကျေးရွာ ၁၀ ရွာဝန်းကျင်နေ ပြည်သူများတိမ်းရှောင်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
ထို့အတူ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ရမ်းဖိုရွာ၊ကမ်းတိုရွာဟောင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာငါးရွာခန့်က ပြည်သူများ ကြိုတင်တိမ်းရှောင်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။