ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလေးများကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်မည့် ဩစတြေးလျအစိုးရ၏အစီအစဥ် Youtube ဝေဖန်

October 13, 2025

ဓာတ်ပုံ - AFP/Josh Edelson

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်မည့် ဩစတြေးလျအစိုးရ၏ အစီအစဉ်မှာ ရည်ရွယ်ချက်ကောင်းသော်လည်း ကလေးသူငယ်များကို အွန်လိုင်းတွင် ပိုမိုလုံခြုံမှုရှိစေမည် မဟုတ်ကြောင်း Youtube ကုမ္ပဏီက ယနေ့ အောက်တိုဘာလ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။

၂၀၂၅ နှစ် မကုန်ဆုံးမီ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များကို ဆိုရှယ်မီဒီယာသုံးစွဲမှုပိတ်ပင်သည့် ဥပဒေကို ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Facebook ၊ Tik Tok နှင့် Instagram စသော ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများအနေဖြင့် အဆိုပါ ဥပဒေကို ဖောက်ဖျက်လျှင် ဒဏ်ငွေ ကြီးကြီးမားမား ပေးဆောင်ရမည် ဖြစ်သည်။

ယင်းသို့ ပိတ်ပင်ခံရမည့်စာရင်းထဲ ပါဝင်သည့် Youtube ကုမ္ပဏီက ၎င်းတို့သည် ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခု မဟုတ်သည့်အတွက် ၎င်းတို့အတွက် ခြွင်းချက်ပေးသင့်ကြောင်း ဆိုသည်။

အဆိုပါ ပိတ်ပင်မှုမှာ ရည်ရွယ်ချက်ကောင်းသော်လည်း မရည်ရွယ်ထားသည့် အကျိုးဆက်များကိုလည်း တွေ့ကြုံရနိုင်သည်ဟု Youtube ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Rachel Lord က ဆိုသည်။

“ဒီဥပဒေက အကောင်အထည်ဖော်ဖို့ အလွန်အမင်း ခက်ခဲမှာပါ။ ပြီးတော့ ကလေးတွေကို အွန်လိုင်းမှာ ပိုလုံခြုံစေရမယ်ဆိုတဲ့ ကတိကဝတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး” ဟု သူမက ဆိုသည်။

“ကလေးတွေကို အွန်လိုင်းမှာ ပိုလုံခြုံစေမယ့် နည်းလမ်းက ကလေးတွေကို အွန်လိုင်းမသုံးနိုင်အောင် တားမြစ်နိုင်တာ မဟုတ်ပါဘူး” ဟု သူမက ပြောသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဩစတြေးလျသည် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည် ဖြစ်ပြီး ယင်းကို နိုင်ငံတကာအစိုးရများနှင့် နည်းပညာကုမ္ပဏီများကလည်း စောင့်ကြည့်လျက် ရှိသည်။

သို့သော် အဆိုပါ ဥပဒေကို မည်သို့ အကောင်အထည်ဖော်မည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Source: AFP/Reuters