BREAKING
October 18, 2025

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ် သတင်းပေးဆိုသူကို လက်နက်ကိုင်အဖွဲ့ တစ်ခုက ဖမ်းဆီး

October 13, 2025

တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာတွင် စစ်အာဏာရှင်တပ် သတင်းပေးဆိုသူတစ်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၃နာရီခန့်တွင် ရမ်းဖိုကျေးရွာရှိ ဥယျာဉ်ခြံတဲတွင် စစ်အာဏာရှင် သတင်းပေးဆိုသူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်ယုကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ‌ရမ်းဖိုရွာနှင့် ကပ်နေသည့် ဘန်းဘမွတ်ရွာနေ ‌‌ဒေသခံတစ်ဦးက ဆိုသည်။

“သူ့တဲ(ဥယျာဉ်ခြံစောင့်တဲ) မှာပဲ လာဖမ်းသွားတယ်။တဲမှာက သူ့မိသားစု အကုန်ရှိတယ်။သူ့ကိုပဲ မေးစရာရှိတယ် ဆိုပြီး လာဖမ်းသွားတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

အဖမ်းခံရသည့် ဦးမောင်ယုက ရမ်းဖိုရွာတွင် တပ်စွဲထားသည့်စစ်အာဏာရှင်တပ် လိုအပ်သည့်စားနပ်ရိက္ခာများ ဝယ်ပေးနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာပါက ရမ်းဖိုရွာသားများ အခြားနေရာသို့ တိမ်းရှောင်ရလေ့ရှိသော်လည်း ၎င်းတို့မိသားစုမှာ အဆိုပါဥယျာဉ်ခြံတွင်ပင် နေလေ့ရှိကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဘယ်အဖွဲ့က လာဖမ်းတာတော့ မသိရသေးဘူး။ လက်နက်ကိုင် ငါးယောက်‌လောက်လာပြီး လာဖမ်းသွားတယ်လို့ သိရတယ်။ပြန်တော့ မလွတ်လာသေးဘူး။ဘယ်ကိုဖမ်းသွားလဲလည်း မသိရသေးဘူး”ဟု အထက်ပါဒေသခံက ဆိုသည်‌။

ဦးမောင်ယု၏ မိသားစုကို ဆက်သွယ်ရန် အခက်အခဲရှိနေသဖြင့် ယခုပြောဆိုချက်များနှင့်ပတ်သက်၍ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဦးမောင်ယုအား ဖမ်းဆီးသွားသည့် အကြောင်းအရင်းနှင့် ဖမ်းဆီးသည့်အဖွဲ့က ယနေ့အထိ ထုတ်ပြန်ခြင်းမရှိသေးသလို Dawei Watch အနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်အာဏာရှင်တပ်က ရမ်းဖိုရွာအတွင်း တပ်စွဲထားသဖြင့် ဒေသခံပြည်သူများက အနီးအနားရှိ ဥယျာဉ်ခြံများတွင် စစ်ရှောင်နေရသည်မှာ ၂ နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။