မော်ဒန်ပန့်(Modern Punk) အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဖမ်းဆီးထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ စစ်ဘက်ဆိုင်ရာတရားရုံးက စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၃၄ နည်းဗျူဟာက အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
ကိုကြက်ဥကို အမှတ် ၃၄ နည်းဗျူဟာက ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်သော်လည်း အရေးယူဆောင်ရွက်မှုအပိုင်းကိုမူ MOD စစ်ဘက်ဆိုင်ရာတရားရုံးက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အမှတ် ၃၄ နည်းဗျူဟာမှူး C1 က ပြောသည်။
“သူတို့မှာ ခုံရုံးရှိတယ်။ အဲဒီခုံရုံးကနေပဲ စစ်လိမ့်မယ်။ အွန်လိုင်းကနေလည်း စစ်ဆေးမယ်။ ပြီးရင် လူတွေ့လည်းစစ်မယ်။ အချိန်တော့ ကြာတာပေါ့” ဟု ၎င်းက ပြောသည်။
ကိုကြက်ဥအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာတရားရုံးထံ လွှဲပြောင်းပေးရခြင်းဖြစ်ကြောင်း၊ မော်ဒန်ပန့်တပ်ဖွဲ့ဝင် နောက်တစ်ဦးကိုလည်း စစ်ဘက်ဆိုင်ရာတရားရုံးကပင် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မော်ဒန်ပန့်အဖွဲ့ ခေါင်းဆောင် ကိုကြက်ဥနှင့် တပ်ဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)က အောက်တိုဘာ ၇ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အမှတ် ၃၄ နည်းဗျူဟာထံ လွှဲပြောင်းပေးခဲ့သည်။
ကြိုတင်အကြောင်းမကြားဘဲ လောင်းလုံး ပလဖ စခန်းသို့ လက်နက်ကိုင်ဆောင် ဝင်ရောက်လာသည့်အတွက် ပလဖ တပ်ဖွဲ့ဝင်အချို့နှင့် ကိုကြက်ဥ အချေအတင်ဖြစ်ကြပြီးနောက် ခြောက်လှန့်ပစ်ခတ်ပြီး ကိုကြက်ဥအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ပလဖ တာဝန်ခံ ကိုရသက ပြောဆိုထားသည်။
အမှတ် ၃၄ နည်းဗျူဟာ၏ ထုတ်ပြန်ချက်တွင် လောင်းလုံး ပလဖ စခန်းသို့ ဝင်ရောက်လာမှု အပါအဝင် ကျူးလွန်မှု ဆယ်ခုအတွက် အရေးယူနိုင်ရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ဆိုးဝါးသည့် အခြေအနေ မဖြစ်ပေါ်လာစေရန်အတွက် ကိုကြက်ဥအား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အမှတ် ၃၄ နည်းဗျူဟာ၏ ထုတ်ပြန်ချက်ပါ ကျူးလွန်ခဲ့သည်ဆိုသည့်ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် မော်ဒန်ပန့် တပ်ဖွဲ့ဝင်တစ်ဦးနှင့် နီးစပ်သူတစ်ဦးထံ Dawei Watch က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။
ကိုကြက်ဥအနေဖြင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ပလဖ စခန်းသို့ သွားရောက်ခြင်းသာဖြစ်ကြောင်း မော်ဒန်ပန့်တပ်ဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၉ ရက်နေ့တွင် Dawei Watch ထံ ပြောဆိုထားသည်။
အဖမ်းမခံရမီ ရက်ပိုင်းအလိုကမူ ကိုကြက်ဥက အမှတ် ၃၄ နည်းဗျူဟာမှူး C1အနေဖြင့် ၎င်းနှင့် လာရောက်တွေ့ဆုံဖြေရှင်းရန် လူမှုကွန်ရက်ကတစ်ဆင့် မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး နည်းဗျူဟာမှူး C 1ထံလည်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သေးကြောင်း သိရသည်။
သို့သော် စစ်ရေးကိစ္စများကြောင့် မအားလပ်သဖြင့် နောက်မှသာ တွေ့ဆုံဖြေရှင်းရန် ကိုကြက်ဥအား အကြောင်းပြန်ခဲ့သည်ဟု နည်းဗျူဟာမှူး C1 က ပြောသည်။
မော်ဒန်ပန့်အဖွဲ့နှင့် နီးစပ်သူအချို့ကမူ ဖမ်းဆီးခံထားရသည့် ကိုကြက်ဥ နှိပ်စက်ခံထားရကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ထုတ်ဖော်ပြောဆိုနေကြသည်။
Dawei Watch က ကြည့်ရှုခဲ့ရသည့် ဓာတ်ပုံတစ်ပုံတွင်လည်း ကိုကြက်ဥနှင့် သူ့အဖော် တပ်ဖွဲ့ဝင်တစ်ဦးကို လက်ထိပ်၊ ခြေထိပ်(ထိပ်တုံး) ခတ်ထားသည့်အပြင် မျက်လုံးကိုပါ အဝတ်စဖြင့် စည်းထားပြီး ကိုကြက်ဥ၏ မျက်နှာမှာလည်း ဖူးယောင်နေသည်ကို တွေ့ရှိရသည်။
သို့သော် လောင်းလုံး ပလဖ တာဝန်ခံ ကိုရသက ၎င်းတို့ ထိန်းသိမ်းထားစဥ် ကိုကြက်ဥအား ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ခြင်းမရှိခဲ့ကြောင်း ပြောသည်။
“ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့အချိန်မှာ အားလုံးကောင်းကောင်းမွန်မွန်ပဲ။ နောက်ပိုင်း တက်လာတဲ့ ဓာတ်ပုံတွေသည် ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး။ ကျွန်တော်တို့ လွှဲအပ်ထားပြီးသား” ဟု ၎င်းက ဆိုသည်။
အမှတ် ၃၄ နည်းဗျူဟာမှူး C1 ကလည်း ကိုကြက်ဥ မျက်နှာဖူးယောင်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် အတိအကျ မသိရကြောင်း ပြောဆိုသည်။
အမှတ် ၃၄ နည်းဗျူဟာအောက်တွင် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်းနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) လေးဖွဲ့ ပါဝင်သည်။