‘ငတ်ပြ’ သည် မကြာသေးမီက ထားဝယ်များအကြားရောက်လာ၏။ ထားဝယ်လိုဖြင့် ဆိုထားသော သီချင်းဖြစ်သည်။ သီချင်းသံစဉ်က မြူးကြွလှ၏။ စာသားများကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်၊ စိတ်ကူးကြည့်သောအခါ ထားဝယ်ကိုလွမ်း၍ ဗိုက်ဆာလာလေတော့သည်။
မွေးရပ်မြေသို့ အောက်မေ့တသသော စိတ်သည် ထို ငတ်ပြ သီချင်း၏ မြူးကြွသော ဂီတထံမှ မြစ်ဖျားခံလာရခြင်းမှာ ယင်း၏ စာသားများကြောင့်တည်း။
ငတ်ပြ သီချင်းကို နားထောင်၊ စာသားကို ဖတ်ရှုကြည့်မိလိုက်ရာ ကာလ ဒေသ အာဟာရ ဟူ၍ ခွဲခြမ်း ပြောစရာ သုံးခု ထွက်လာတော့သည်။
သီချင်းသည် မွေးရပ်နှင့် ဝေးနေရသော အခြေအနေ ခေတ်ကာလ ကို ထင်ဟပ်ထားခြင်း၊ ဒေသ အနေအထားအားဖြင့် ပင်လယ်၊ ကမ်းစပ်၊ သဲသောင် များကို ဖော်ညွှန်းထားခြင်းနှင့် ပင်လယ်ကမ်းစပ်နှင့် နီးသော လူ့အသိုက်အဝန်းတခုတွင် စားသောက်လေ့ရှိသော စားသောက်ဖွယ်ရာ အမယ်များ၊ အတွဲအစပ် ဟင်းလျာများကို ကျကျနနဖော်ထုတ်စီကုံးဖွဲ့သီထားခြင်း မျိုးဖြစ်သည်။
သီချင်းစာသားကို ခံစားကြည့်ကြစို့ရယ်။ အိမ်လွမ်းစိတ်ဖြစ်ခြင်း၊ ရွာကို သတိရနေခြင်း၊ သူငယ်ချင်းများကို အောက်မေ့တမ်းတခြင်း၊ ပင်လယ်ကမ်းခြေက ရွာ၊ ထိုနေရာက လှိုင်း၊ သဲသောင် နှင့် ဆားရနံ့သင်းသော လေ အစရှိသည်များကို ဖွဲ့ထား၏။
ယခုခေတ်ကာလကြီးကား မိသားစုနှင့် ကိုယ့်ရပ် ကိုယ့်ရွာမှာ အေးအေးလူလူမနေနိုင်ကြသော ခေတ်မျိုးမို့ အများစုက “အမေနဲ့ရွာကိုလွမ်းတယ်” ဆိုတာမျိုး ဖြစ်ကြသည်။
အစားအသောက်ဆိုလျှင်လည်း လမ်းပန်းကခက်၊ ဈေးကတက်တာနဲ့ အရင်ကလို အာသီသရှိသော အရာလေးများကို သုံးဆောင်ရန် ခက်လှသော အနေအထား။ ထို့ကြောင့် အိမ်လွမ်းနာ၊ မွေးရပ်ကို အောက်မေ့လွမ်းဆွတ်သော ဝေဒနာ၊ ဒေသ အစားအစာများကို တမ်းတသော စိတ်မျိုး ကိန်းနေကြချိန်ဖြစ်သည်။ ငတ်ပြကား ထိုဝေဒနာများအကြောင်း ဆေးစစ်ချက်နှင့် တူသေးတော့၏။
ငတ်ပြကား ထားဝယ်သီချင်းဖြစ်ခြင်းကြောင့် ထားဝယ်ဒေသကို ထပ်ဟပ်နေသော နေရာ ဒေသ နောက်ခံကို နားဆင်ရမည်ဖြစ်သည်။ လှိုင်းဖွေးနေသော သောင်ပြင်တဲ့။ ဆားရနံ့သင်းတဲ့ ပင်လယ်တဲ့။ လှိုင်းသံ၊ လေသံ ပင်လယ်ဂီတသံတွေနဲ့ ထုံမွှမ်းနေတဲ့နေရာပေါ့။
သီချင်းကိုနားဆင်လိုက်တော့ ထားဝယ် တနံတလျားက ကမ်းခြေတွေဆီ စိတ်က ပြန်ရောက်မိသည်။ ဖိနပ်မပါ ခြေဗလာနဲ့ သဲဖြူမွမွတွေထဲ လမ်းလျှောက်ခဲ့တာတွေ၊ ပင်လယ်ပြာကြီးဆီက ရစ်သမ်မှန်မှန်မြည်နေတဲ့ လှိုင်းတွေ၊ ဆားနံ့သင်းတဲ့ လေစေးစေးတွေ၊ အုန်းပင်တွေ၊ ပင်လယ်ကဗွီးတွေ၊ သီဟိုဠ်ပင်တွေ နဲ့ ကမ်းခြေတွေ။ ကမ်းခြေက ရွာတွေ။ ကမ်းခြေပေါတဲ့ ရွာကို သတိရသတဲ့။ ထားဝယ်သူ/သား အတော်များများ၏ စိတ်နှလုံးသားများ ကား ပင်လယ်ကမ်းခြေနှင့် ဆက်စပ်နေပါ၏။ ဒါကို အမှတ်ရသွားစေတာပါပဲ။
သီချင်းထဲ က စားစရာများ ကတော့ ငတ်ပြ ဆိုသည့် နာမည်ကို ထင်ဟပ်နေစေတာပဲ။ သီချင်းရဲ့ မဏ္ဍိုင်ပဲလို့လည်း ဆိုရယ်ထင်ရဲ့။ အစမှာပြောခဲ့သလို ဒီသီချင်းကို နားထောင်မိရင် ဗိုက်ဆာလာတာမျိုးကိုး။
ငတ်ပြထဲက စားစရာတွေဟာ တကယ်တော့ စားစရာတွေထက်ပိုတဲ့ အဓိပ္ပာယ်မျိုးပေးတယ်လို့ ခံစားမိတယ်။ ကြည့်လေ။ ပထမဆုံး အဖွင့်မှာကိုက ငါးပိထောင်း နဲ့စတယ်။
စားစရာတွေ မရှိပေမဲ့ စားပွဲအုပ်ဆောင်းအောက်မှာ ငါးပိထောင်း တစ်တုံးတော့ ရှိနေသေးတယ်။ ဒါဟာ ထားဝယ်သူ/သားတွေရဲ့ အစားအသောက်မှာ ပါနေကျ စားစရာတခုကို လှစ်ဟပြတာပါပဲ။
နောက်တော့ ပအုန်းရည် နဲ့ ငါးပိကိုရောထားတဲ့ ငါးပိသုပ် (ငါးပိဖျော်) ကို ငါးလိပ်ကျောက်မီးကင် အကြောင်း။ ထန်းရည်ကို အချဉ်ဖောက်ပြီး သုံးစွဲတဲ့ ဓလေ့။ ထားဝယ်ဒေသ ပင်လယ်မှာ ငါးလိပ်ကျောက် အထူးသဖြင့် ပအုန်းရည် ငါးပိဖျော်နဲ့ တွဲစားကြတဲ့ ငါးလိပ်ကျောက်ငယ် အဝိုင်း (လိက္လော့စမတ်) စားကြတာကိုဖော်ညွှန်းတယ်။
ဒီပအုန်းရည်နဲ့ပဲ ချက်တဲ့ ထားဝယ်ရဲ့ မုလတ်သောက် (မုန့်လက်သုပ်)ကို ငါးဥနဲ့ စားတတ်ကြတာကိုလည်း မြင်လိုက်ရတယ်။ ဒီစားစရာတွေက ထားဝယ်ဒေသ နဲ့ တွဲချည်ထားတဲ့ စားစရာတွေပါ။
စားစရာဆိုတာထက်ပိုသော အဓိပ္ပာယ်ရှိတယ်။ ဒီစားစရာတွေက နေရာတိုင်းမှာ ပေါပေါပဲပဲ အလွယ်ဝယ်စားလို့ ရတာမျိုးလည်း မဟုတ်သလို အချိန်တိုင်း စားလို့ရနေတာမျိုးလည်း မဟုတ်ပြန်။
ငါးစင်းကော နှင့် သီဟိုဠ်ရွက် အတို့အမြှုပ်၊ အမေလက်ရာ့ ငါးဟင်း၊ ထားဝယ်သီးစုံသနပ်နဲ့ ငရုပ်ခြောက်ကြော်လှော်၊ ဖိုးထွန်းမဲငါး (ငါးတမျိုး၏အမည်)ကို ကင်ပြီး မန်းကျည်းရွက်ဟင်းချိုနဲ့ တွဲ၊ အုန်းသီးနု အရည်နဲ့ ရှပ် (ကမာငယ်တမျိုး) ခြောက်မီးကင် မြည်း၊ သဲပလုပ် (ရေငံသဲသောင်မှာ နေတဲ့ အကောင်တမျိုး)ကို ဟင်းချိုချက်ပြီး ငါးလတ်လတ်ဆတ်ဆတ်ကို မီးကင်နဲ့ တွဲစပ်၊ ငါးပိဖုတ် ဆီဆမ်းနဲ့ ပဲစေ့ပြုတ် စတဲ့ အစပ်အဟပ်၊ အမည်စုံကိုလည်း သေချာစွာ ထည့်ဖွဲ့ထားပြန်သေး၏။
ငါးခြောက်ကို ထမင်းပူပူနှင့် နှပ်ထားခြင်း၊ မီးဖုတ်၍ ဆွကာ ဆီနှင့် နှပ်စားခြင်းတို့ကိုလည်း ပြောပြထား ပြန်သည်။ ငါးအိုးကပ်ကလေးချက်သော အလေ့၊ ဟင်းထုပ်လုပ်ကြသော ထုံးစံကိုလည်း မချန်ခဲ့။
ထားဝယ်တို့၏ အစားအသောက်က ဘာ၊ ဘယ်လိုပုံဖြင့် စားကြသည် ဆိုတာကို သီချင်းထဲ ထည့်ဖွဲ့ ထား လိုက်တော့သည်။ ထိုစားစရာများကို သေချာပြန်ကြည့်လျှင် ပင်လယ်ထွက်စားစရာက အများစုဖြစ်သည်။ ဒေသပေါက်ပင်ဖြစ်သော သီဟိုဠ်၊ ထန်း နှင့် မန်းကျည်း အပင်တို့ပါ အဆစ်ပါသေး၏။
သည်လို စားစရာတွေ အမယ်စုံစုံလင်လင်ကို ကာလ ဒေသ နောက်ခံနဲ့ ဖြည့်ဆို သီကုံးလိုက်လေတော့ အိမ်နဲ့ဝေးတဲ့ သူတွေအဖို့ ခပ်မြူးမြူးဆွေးရတဲ့ အရသာမျိုးရပါပေ့။ တီးလုံးကမြူးပေတဲ့ စာသားတွေက ဆွေးစရာကြီးကိုး။ အဝေးရောက် အိမ်းဝေးတို့ အတွက် ခံစားရတာပြောပါတယ်။
တကယ်တော့ သည်သီချင်းမှာ စားစရာတွေ ချည်း ရေးထားပါလားလို့ ထင်စရာရှိပေမဲ့ ဒေသ တခုရဲ့ ထင်ရှားတဲ့ အစားအသောက်၊ ထို အစားအသောက်တွေနဲ့ ကာလ ဒေသရဲ့ အဆက်အစပ်၊ လူတွေရဲ့ ဓလေ့ ထုံးစံကိုပါ လှစ်ဟ မှတ်တမ်းပြုထားတာမျိုးလို့ ခံစားရပါတယ်။
တချိန်ချိန်ကျရင် ဒီစာသားကို ဖတ်တဲ့အခါ အဲဒီတုန်းက ဒို့ဒေသမှာ သည်လို စားစရာတွေ စားခဲ့ပါလား။ ဒါကို ဒီလိုလေး တွဲစား၊ လုပ်စားကြပါလားလို့ ပြန်ပြောင်းတွေးစရာ ဆင်ခြင်စရာ ဖြစ်နိုင်ပါတယ်။
နောက်တခုကတော့ ဒီသီချင်းနဲ့ ဒီသီချင်းကို ခံစားနိုင်သူတွေရဲ့ အဆက်အစပ်ပါပဲ။ ပထမဆုံး ထားဝယ် စကား မရသူအဖို့ ဒီသီချင်းကို အပြည့်အဝခံစားဖို့ ခက်မယ်။
ထားဝယ်စကားရစေဦး (စာသားတွေကို မြန်မာပြန်လို့ နားလည်တယ် ထားဦးတော့) ထားဝယ်က သည်အစားအသောက်တွေနဲ့ မရင်းနှီးဘူး၊ သည်ဓလေ့တွေနဲ့ အသားမကျဘူး ဆိုရင်တော့ သီချင်းကို ခံစားဖို့ ခက်နိုင်ပါရဲ့။ ဒါဟာ ငတ်ပြနဲ့ နားဆင်ကြသူတွေကြားက အဆက်အစပ်မိ၊ လိုင်းမိခြင်းမျိုးပါပဲ။
ငုယဉ်ခိုင်