စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန်အတွက် ထားဝယ်မြို့ပေါ်ရှိ လူငယ်များကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်ညက စစ်မှုထမ်းအတွက်ဟုဆိုကာ ထားဝယ်မြို့ခံ လူငယ် ၇ ဦးထက်မနည်းကို စစ်အာဏာရှင်တပ်က တစ်ညအတွင်း အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးသွားကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဘာစာရွက်(စစ်မှုထမ်းဆင့်ခေါ်စာ)မှ မပေးဘူး။ နာမည်စာရင်းတော့ အတိအကျနဲ့ လာခေါ်တာ” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းအတွက် အဓမ္မအဖမ်းခံရသူများက ရှမ္မလည်ဆွဲ၊ ကျောက်မော်၊ ခုံဝင်းဒပ်၊ ဗျောတောဝ စသည့် ရပ်ကွက်နေသူများဖြစ်ကြပြီး အသက် ၂၀ မှ ၃၀ နှစ်ကြားရှိ လူငယ်များဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
အဆိုပါည ၁၁ နာရီခန့်တွင် တစ်အိမ်ချင်းစီတွင် လိုက်လံဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရကြောင်း နီးစပ်သူများက ပြောသည်။
စစ်အာဏာရှင်တပ်က စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီး စုဆောင်းထားသူများကို ထားဝယ်မြို့နှင့်ကပ်နေသည့် သပြေချောင်းတပ်နယ်ရှိ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းတွင် စုဆောင်းထားလေ့ရှိပြီး ယင်းမှတစ်ဆင့် ပုလောမြို့နယ် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ရေလမ်းဖြင့် ပို့ဆောင်လေ့ရှိကြောင်း စုံစမ်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း စစ်မှုထမ်းအတွက်ဆိုကာ ဥဿရံနှင့် မြောင်းပုလဲရပ်ကွက်အတွင်း နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း မြို့ခံအချို့ကပြောဆိုကြသည်။
သို့ရာတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းအပြင်ထားဝယ်မြို့ အဝင်အထွက်ဂိတ်နှစ်ခုဖြစ်သည့် ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်များတွင် စက်တင်ဘာလ ၅ရက်မှ ၁၀ ရက်နေ့အထိ ခြောက်ရက်တာကာလအတွင်း စစ်အာဏာရှင်တပ်၏ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ခုနစ်ဦးထက်မနည်းရှိကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများက Dawei Watch ကိုပြောဆိုသည်။
စစ်အာဏာရှင်တပ်၏ အဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းနေခြင်းကြောင့် ထားဝယ်မြို့ပေါ်မှ စွန့်ခွာသွားကြသည့် လူငယ်အများအပြားရှိနေကြောင်း ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့လည်း အလုပ်နဲ့ အိမ်ပဲ။ ဘယ်မှမသွားရဲတော့ဘူး။ အိမ်မှာအိပ်တာတောင် စိတ်ချလက်ချ အိပ်လို့ရတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်ညကလည်း ထားဝယ်မြို့ပေါ်တွင် လူငယ် ၁၁ ဦးထက်မနည်းကို စစ်မှုထမ်းအတွက် နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။
စစ်ကောင်စီက အဓမ္မပြဌာန်းထားသော စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးမှသာ သက်ဆိုင်ရာတပ်ရင်းဆီ လူကိုယ်တိုင်သွားရောက်သတင်းပို့ပြီး စစ်မှုထမ်းသင်တန်း တက်ရမည်ဟု ဖော်ပြထားသည်။
သို့သော် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရသည့် ထားဝယ်လူငယ်အများအပြား တိမ်းရှောင်နေ၍ဟုဆိုကာ နောက်ပိုင်းတွင် အရင်ဖမ်းဆီးပြီးမှသာ စစ်မှုထမ်းရမည့်ဆင့်ခေါ်စာ မိသားစုဝင်များထံ ပေးပို့လေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။