ရေဖြူမြိုနယ်၊ နဘုလယ်ဒေသ ပရဒတ်ကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ကျောင်းအတွင်း ဝင်ရောက်ပြီး မေးမြန်းစစ်ဆေးမှုကြောင့် မူလတန်းအရွယ် ကျောင်းသားများ ကြောက်လန့်ငိုယိုခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။
စစ်ကြောင်းမှာ ယနေ့ စက်တင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီ ခန့်တွင် ကျောင်းသူကျောင်းသားများ စာသင်ကြားနေချိန် ကျောင်းသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ဖမ်းဆီးခံရသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ကျောင်းကို(စစ်အာဏာရှင်တပ်သားတွေ)ရောက်တာနဲ့ ကလေးတွေက ငိုကြတယ်။ မကြောက်နဲ့ဘာမှမဖြစ်ဘူး ပြန်လွှတ်ပေးမယ်လို့ ဗိုလ်ကြီးဆိုသူကပြောတယ်။ စကားပြောပြီး ခဏကြာတာနဲ့ ကျောင်းသားကျောင်းသူတွေကို အရင်လွှတ်တယ်။ ပြီးမှဆရာမတွေနဲ့ ဓာတ်ပုံအတူရိုက်ပြီး ဆရာမတွေကိုလွှတ်တယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
အဆိုပါကျောင်းမှာ အာဏသိမ်းပြီးနောက် စစ်ကော်မရှင် ပညာရေးယန္တရားရပ်တန့်နေချိန်တွင် ကလေးသူငယ်များ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် ကျေးရွာရပ်မိရပ်ဖများက တာဝန်ယူ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ၎င်းဒေသခံများကပြောသည်။
ယင်းအပြင် စစ်ကြောင်းဝင်ရောက်လာချိန် လမ်းတစ်လျှောက်တွင် ဖမ်းဆီးခဲ့သည့် ဒေသခံ အမျိုးသားအမျိုးသမီး ၈ ဦးကိုလည်း ပရဒပ်ရွာစာသင်ကျောင်းသို့ ရောက်ရှိချိန်တွင် ကျောင်းသူကျောင်သားများနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါအမျိုးသမီးကပြောသည်။
“လမ်းမှာဖမ်းလာတဲ့ သူတွေက အားလုံး ၈ ယောက်ရှိတယ်။ ပရဒတ်၊ထိန်ကြီး၊ဘဝါ ကျေးရွာသားတွေပါတယ်။ ကျောင်းမှာပဲ အားလုံးကို ပြန်လွှတ်လိုက်တာ”ဟု ၎င်းကပြောသည်။
အဆိုပါစစ်ကြောင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းမှဖြစ်ပြီး နဘုလယ်ဒေသတစ်ခွင်တွင် တစ်ရွာဝင်တစ်ရွာထွက် မကြာခဏစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ပရဒပ်ကျေးရွာသို့ ရောက်ရှိလာပြီး ညနေ၄ နာရီထိ ပရဒပ်ကျေးရွာအတွင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် နေ့ကလည်း ရေဖြူမြိုနယ် ခမောင်းချောင်းကျေးရှိ စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသားများ စာသင်နေချိန် စစ်ကြောင်းရုတ်တရက် ရောက်ရှိလာပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူအချို့ကို ဝင်ရောက်စစ်ဆေးခဲ့သေးသည်။