တနင်္သာရီမြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ လေးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုအချို့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စက်တင်ဘာ ၉ရက်မှ ၁၂ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က ထပ်မံအင်အားဖြည့်တင်းပြီးနောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထပ်ထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
တိုက်ပွဲပြင်းထန်နေချိန် စက်တင်ဘာလ ၉ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်ကြောင်း တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စက်တင်ဘာလ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုတွင် KTLA (ကော်သူးလေအာမီ)က အသက် ၃၀ ဝန်းကျင်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။
“(ဗုံးစ) ထိပြီး ကျသွားတယ်။ ဒီနေ့(၁၂ ရက်) စောစောမှ အလောင်းပြန်တွေ့တယ်။ လေကြောင်းက ရက်ဆက်တက်နေတယ်။ ပွိုင့်ဖိုက်ထက်ကြီးတဲ့ ကျည်တွေနဲ့ လာပစ်သွားတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
စက်တင်ဘာလ ၁၂ရက်တွင် စစ်အာဏာရှင်တပ်က နေ့လယ် ၁၂နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၃နာရီ ၄၀မိနစ် ဝန်းကျင်တွင်တစ်ကြိမ် လေယာဉ်ဖြင့် ဗုံးလာကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၂ ရက်တွင် ဗုံးလာကြဲသည့် စစ်အာဏာရှင်တပ် တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ လေယာဉ်တွင် မီးခိုးထွက်သွားပြီး ချက်ချင်းပြန်လှည့်သွားကြောင်း ၎င်းက ဆိုသည်။
“ခါတိုင်းဆို (လေယာဉ်) ဝဲပြီးနေသေးတယ်။ အခုက ပစ်လိုက်တာ ချက်ချင်းပြန်သွားတယ်။ မီးခိုးတွေ တွေ့ရတယ်။ ခါတိုင်းလို အမြင့်ကြီး မပျံသွားဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနကလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း(၁၁)နှင့် တော်လှန်ရေးပူးပေါင်းတပ်များးက ပစ်ခတ်သောကြောင့် တိုက်လေယာဉ်ထိခိုက်မှုရှိပြီး မြိတ်မြို့ဘက်သို့ပြန်လှည့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါ ပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
သိန်ခွန်းရွာဝန်းကျင်တွင် ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း ဒဏ်ရာရသွားသည့် စစ်အာဏာရှင်တပ်သားများကို စက်တင်ဘာ ၁၁ရက်တွင် ရိက္ခာလာပို့သည့်ကားများဖြင့် မြိတ်သို့ပို့ဆောင်ရာတွင်လည်း ပြည်ထောင်စုလမ်းမကြီးပေါ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
အဆိုပါ စစ်အာဏာရှင်ယာဉ်တန်းကို တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် တိုက်ခိုက်ကြရာ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။







