ထားဝယ်မြို့ခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် အရေးပေါ် လူနာတင်ယာဉ်ပေါ်၌ ကလေးမွေးဖွားကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီခန့်တွင် ဗိုက်နာလာသဖြင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ရာ ယာဉ်ပေါ်တွင် မွေးဖွားခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။
“အရေးပေါ်ကားနဲ့တင်လာချိန် မီးသတ်လမ်းဆုံနားရောက်တော့ ကလေးက ဦးခေါင်းထွက်လာတယ်။ အဲဒီမှာ ဇမ္ဗူသီရိ စေတနာ့ဝန်ထမ်း ကိုကောင်းမြတ်စိုးက ကလေးထွက်လာဖို့ကနဦးဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့လိုက်တယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။
ကလေးငယ်မှာ ယောင်္ကျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီးသို့ရောက်ရှိချိန်တွင် မိခင်နှင့် ကလေးတို့မှာ ကျန်းမာရေး ကောင်းမွန်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခု ကလေးမွေးပေးတဲ့ စေတနာ့ဝန်ထမ်းက အရင်ကလည်း ကလေးမွေးပေးတဲ့ အတွေ့ကြုံရှိခဲ့ဖူးတော့ စိတ်လှုပ်ရှားမှု မရှိဘဲ လုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်း ထားဝယ်မြို့ပုဂ္ဂလိကဆေးရုံ၌ ကိုယ်ဝန်ရက်ချိန်းလာပြသည့် အမျိုးသမီးတစ်ဦး ညသန်းခေါင် ဗိုက်နာလာ၍ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ကလေးမွေးဖွားရန် ထားဝယ်ဆေးရုံကြီးသို့ သွားရာမှ ယာဉ်ပေါ်၌ ကလေးမွေးဖွားခဲ့ဖူးသည်။