တနင်္သာရီမြို့နယ် ရမ်းဖိုရွာအနီးဝန်းကျင်နှင့် သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင် တပ်သားတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး အမိုးအကာနှင့် ရိက္ခာလိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့ကစကာ သစ်ပင်ခြောက်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါတိုက်ပွဲကြောင့် လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာရှိ ပြည်သူများ တိုက်ပွဲဖြစ်ချိန်မှ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ပြောသည်။
လယ်တောင်ယာရွာမှ ပြည်သူ ၁၉၀၀ နီးပါးနှင့် တမုတ်ချုံးရွာမှ ၉၀၀ နီးပါး စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့၏ စာရင်းအရ သိရသည်။
ဩဂုတ်လ ၄ ရက်နေ့တွင်မူ စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာနှင့် အနီးဝန်းကျင်ကို လက်နက်ကြီးဆက်တိုက် ပစ်ခတ်သဖြင့် ရမ်းဖိုရွာအနီး ဆီအုန်းတောအတွင်း နေထိုင်သည့် ဒေသခံ ၂၀၀ ဝန်းကျင်နှင့် ထုံနွယ်ရွာနေ ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင်အများစုမှာ ဘေးလွတ်ရာတောတောင်ဥယျာဉ်ခြံများအတွင်း နေထိုင်ကြရပြီး မိုးရာသီဖြစ်သဖြင့် အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူအချို့က ပြောသည်။
အဆိုပါကျေးရွာ ၄ ရွာရှိ ပြည်သူအချို့မှာ ၂၀၂၃နှစ်ကတည်းက စစ်ဘေးရှောင်နေကြပြီး အချို့ကလည်း နေအိမ်များတွင်ပင် နေထိုင်ကြရာက လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
ဥယျာဉ်ခြံအတွင်း စစ်ရှောင်နေရသည်မှာ ၁၀ ရက်ရှိလာပြီဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးများ လိုအပ်နေကြောင်း လယ်တောင်ယာရွာက စစ်ရှောင်တစ်ဦးက ဆိုသည်။
“အရင်ကတည်းက ရှောင်နေသူတွေလည်းရှိတယ်။အခုမှရှောင်သူတွေက နေထိုင်ဖို့နဲ့စားသောက်ဖို့တော့ အခက်အခဲရှိနေတယ်။ မိုးရာသီဆိုတော့ ခြံတွေထဲရှောင်ရပေမယ့်လည်း အမိုး(အကာ)တွေလိုတယ်။ ပေါက်ပြဲနေကုန်ပြီလေ အမိုးတွေ”ဟု အထက်ပါစစ်ရှောင်က ပြောသည်။
တမုတ်ချုံးရွာက စစ်ရှောင်နေသူတစ်ဦးကလည်း မိုးရာသီဖြစ်သည့်အတွက် အမိုးအကာအပြင် စားနပ်ရိက္ခာအခက်အခဲပါ ကြုံနေရသည်ဟု ဆိုသည်။
“မိုးရာသီဆိုတော့ မိုးကာတွေတော့ လိုအပ်တယ်။အစားအသောက်ရောပဲ ခက်ခဲနေတယ်”ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၁၀ရက်နေ့ကလည်း စစ်အာဏာရှင်တပ်ကစစ်ကြောင်းထိုးလာသဖြင့် တမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်။
FE 5 Tanintharyi သုတေသနအဖွဲ့၏ ဇူလိုင်လ အစီရင်ခံစာအရ တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သောင်းနီးပါးရှိနေသည်။