ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်ရင်း လေးခုပေါင်းပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထံမှသိရသည်။
သိန်ခွန်းရွာဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သားများ အထိနာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဆိုသည်။
စစ်အာဏာရှင်တပ်၏ ခြေလျင်တပ်ရင်းများဖြစ်သည့် ၂၆၂ ၊ ၂၆၇၊ ၂၈၀၊ ၁၀၃ တပ်တို့ ပူးပေါင်းပြီး သိန်ခွန်းရွာ ဝန်းကျင်ကို စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။
တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်က ထိခိုက်မှုများသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သိန်ခွန်းရွာကို ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားသည်။
“တိုက်ပွဲမှာ သူတို့ဘက်က(စကစ)က အရာရှိနဲ့တပ်ကြပ်တွေ အပါအဝင် လေးဆယ်နီးပါး သေကြတယ်လို့ ပြန်သိရတယ်။ အရာရှိ ၃ယောက်နဲ့တပ်ကြပ်ကြီးတွေလည်း ပါတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင် သေးပေ။
အဆိုပါတိုက်ပွဲတွင် တော်လှန်တပ်ဖွဲ့များဘက်ကလည်း ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများက ပခုံးထမ်းလောင်ချာ၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့သလို ငါးကြင်းမြီးစက်သေနတ်၊ စက်လတ်၊ ဒရုန်းများပါ အသုံးပြုခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦး ဆိုသည်။
“စစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးအများအပြား ပစ်ခတ်ပြီး တက်လာတယ်။အထိနာတော့ ရှေ့ဆက်တိုးမနိုင်ပဲ ပြန်ဆုတ်သွားကြတယ်။တိုက်ပွဲက အနီးကပ်ဖြစ်ကြတာ များတယ်။နေ့တိုင်း တစ်ရက်လုံးနီးပါး ဖြစ်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
အထက်ပါ လေးရက်အကြာတိုက်ပွဲကို KNLA တပ်ရင်း၁၁ ၊KTLA (ကော်သူလေးအာမီ)နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိန်ခွန်းရွာတွင် သြဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
စစ်အာဏာရှင်တပ်က မောတောင်နယ်စပ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေသည်မှာ ရှစ်လ နီးပါးကြာလာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာဝန်းကျင်တွင်သာ ရှိနေသည်။







