BREAKING
October 19, 2025

မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

August 13, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ပလမြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။

“လေယာဉ်က ပတ်သွားတာက သုံးခေါက်။ လေယာဉ်က တော်တော်မြင့်တယ်။ ဦးဆုံး(ပထမ)တစ်ခေါက်က ဗုံး လေးလုံး ချသွားတယ်။ နောက်တစ်ခေါက် သေနတ်နဲ့ပစ်တယ်။ နောက်တစ်ခေါက်ရောပေါ့။ မြို့ပေါ်နေရာတချို့ကို ကြဲသွားတယ်” ဟု ပလ မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ ဗုံးမကြဲမီက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်အာဏာရှင်တပ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ရက်ရှည် တိုက်ပွဲဖြစ်ပွားခဲ့သလို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသွားများအပါအဝင် ဒေသခံဒါဇင်နှင့်ချီသေဆုံးခဲ့သည်။

ထို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့မှစကာ မြိတ်- ပုလောပြည်ထောင်စုကားလမ်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဩဂုတ်လ ၉ ရက်ကစပြီး တိုက်ပွဲငြိမ်သက်သွားသည့်အတွက် ဩဂုတ်လ ၁၂ ရက်မှစတင်ကာ ပြန်လည် ဖြတ်သန်းခွင့်ပြုကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းက ဩဂုတ်လ ၁၁ ရက်တွင်က ထပ်မံထုတ်ပြန်သည်။

ယင်းသို့ တော်လှန်ရေးတပ်ဘက်က အဆိုပါလမ်းပိုင်းအား သွားလာခွင့်ပြုသည့်ရက်တွင်ပင် စစ်အာဏာရှင်တပ်က ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိုခံများထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှင့် နေအိမ် ထိခိုက်မှုအခြေအနေကို မသိရသေးရကြောင်း မြို့ခံများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ၏ ပြန်ကြားရေးတာဝန်ခံကလည်း ပလမြို့တွင် နှစ်ဖက်ပစ်ခတ်မှု မရှိဘဲ စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Dawei Watch သို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက် လမ်းပိုင်းဖြတ်သန်းခွင့်ရသည့်အချိန်တွင်ပင် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကားများဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပလမြို့အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးကလည်း အဆိုပါဒေသတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် အရေးတကြီးကိစ္စမရှိပါက မသွားလာသင့်ကြောင်း အကြံပြုသည်။

“ဒီနေ့ဖြစ်နေတဲ့အနေအထားက အရေးမကြီးရင် မသွားတာကောင်းမယ်။ သွားလာဖို့က အန္တရာယ်များပြီး အခြေအနေတွေ က မတည်ငြိမ်ဘူး” ဟု ၎င်းက ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြောသည်။

အဆိုပါလမ်းပိုင်းရှိ ပလမြို့နှင့်အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း တို့ကြောင့် ကားလမ်းပိတ်သွားပြီး ရေလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားလာနေရသည်။