BREAKING
October 20, 2025

ပန်းတင်အင်းရွာတိုက်ပွဲပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားများ ပြန်လွတ်

August 13, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင် သွားသည့် ပန်းတင်အင်းရွာသား ၁၇ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

အင်အားတစ်ရာနီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ယာယီတပ်စခန်းသို့ လာရောက်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်တွင် ပန်းတင်အင်းရွာ၌ တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်းတင်အင်းရွာသား ၁၇ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးကာ ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ၁၄ရက်အကြာ ဩဂုတ်လ ၁၁ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဖမ်းဆီးထားသည့် ဒေသခံ ၁၇ဦးနှင့်အတူ ရေနက်ဆိပ်ကမ်းမှ မူးဒူး၊‌ ညောင်ပင်ဆိပ်၊ ပန်းတင်အင်း ကျေးရွာ လမ်းကြောင်းအတိုင်း ပြန်ထွက်လာ ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းသို့ လာစဉ် လမ်းတွင်တွေ့ရှိသည့် သားအမိနှစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်လာခဲ့ပြီး ပန်းတင်ရွာရှိ ကွက်သစ်ဘုန်းကြီးကျောင်းအရောက်တွင် အဆိုပါသားအမိ ပြန်လွှတ်ပေးခဲ့ကြောင်း အဖမ်းခံရသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“(ပန်းတင်အင်း) ရွာသားတွေကိုတော့ မောင်းမကန်စခန်းရောက်မှ ပြန်လွတ်လိုက်တာ” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂၉ရက်က ပန်းတင်အင်းရွာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၁၄ ဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သလို ရွာခံလူငယ်တစ်ဦးလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသူ အရပ်သား ငါးဦးအနက် တစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေစဉ် ထပ်မံသေဆုံးကြောင်း ဒေသခံများက ဆိုသည်။

နေအိမ်မီးရှို့ခံရသည့် အိမ်ထောင်စု ၁၄ စုမှာ နေအိမ်ပြန်လည်ဆောက်လုပ်ရန်အတွက် အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။