ယူကရိန်းစစ်တွင် ရုရှားက နိုင်သွားပြီဟု လက်ယာယိမ်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာအော်ဘန်က ဩဂုတ်လ ၁၂ ရက်တွင် ပြောဆိုလိုက်သည်။
လာမည့် သောကြာနေ့တွင် ကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၁၀ ခုနှစ်ကတည်းက ဟန်ဂေရီဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် အော်ဘန်သည် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်လိုက်ပြီးနောက်တွင်ပင် ပူတင်နှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိခဲ့သည်။
၎င်းသည် ယူကရိန်းကို ဥရောပသမဂ္ဂထဲသို့ ဝင်ခွင့်ပြုရေးကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်သည်။
နိုင်ငံအတွက် စွမ်းအင်အများစုကို ရုရှားထံမှ ရရှိနေသည့် ဟန်ဂေရီအစိုးရသည် ယူကရိန်းသို့ စစ်လက်နက်များ ပေးပို့ရန် ငြင်းဆန်ခဲ့သည်။
စစ်လက်နက်ပေးပို့လျှင် ဟန်ဂေရီလယ်သမားများနှင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေမည်ဟု ဆိုကာ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာအော်ဘန်သည် ၎င်း၏ ရုရှားနှင့် နီးကပ်မှု၊ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရေးကို ဆန့်ကျင်မှုတို့ကြောင့် ဥရောပခေါင်းဆောင်အချို့၏ ဝေဖန်မှုကို ခံခဲ့ရသည်။
လက်ရှိတွင်လည်း အော်ဘန်၏ အစိုးရသည် ငွေကြေးဖောင်းပွမှုထိုးတက်ခဲ့ပြီးနောက် ဟန်ဂေရီစီးပွားရေး ပြန်ကောင်းမွန်လာစေရေး ရုန်းကန်နေရသည်။

“အခုကျွန်တော်တို့ဟာ ဒီစစ်ပွဲကို အဆုံးသတ်မယ့် လမ်းစမရှိသေးတဲ့ စစ်ပွဲတစ်ပွဲလိုမျိုး ပြောဆိုဆွေးနွေးနေကြတယ်။ ဒါပေမဲ့ အဲဒါ မဟုတ်ပါဘူး။ ယူကရိန်းတွေက စစ်ရှုံးသွားပါပြီ။ ရုရှားတွေဘက်က စစ်နိုင်သွားပြီ” ဟု အော်ဘန်က အင်္ဂါနေ့က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
“တစ်ခုတည်းသော မေးစရာရှိတဲ့ မေးခွန်းကတော့ ယူကရိန်းအနောက်မှာ ရှိနေတဲ့ အနောက်အုပ်စုအနေနဲ့ ဒီအခြေအနေနဲ့ အကျိုးဆက်ကို ဘယ်တော့လက်ခံမလဲ ဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တွင် ပူတင်နှင့် ဆွေးနွေးရန် အခွင့်အရေးတစ်ခုကို ဥရောပ လက်လွှတ် ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း အော်ဘန်က ပြောသည်။
လက်ရှိတွင် ဥရောပ၏ အနာဂတ်ကို ဥရောပ မပါဝင်ဘဲ ဆုံးဖြတ်ခံရမည့် အန္တရာယ်ရှိနေပြီဟု ၎င်းက ဆိုသည်။
“ခင်ဗျားက ဆွေးနွေးရေးစားပွဲဝိုင်းမှာ ရှိမနေဘူးဆိုရင် ခင်ဗျားဟာ menu ပေါ်မှာပဲ ရှိတယ်” ဟု အော်ဘန်က ဆိုသည်။
ယူကရိန်းအနေဖြင့် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရန် လွတ်လပ်ခွင့်ရှိသင့်ကြောင်း ဥရောပသမဂ္ဂ၏ တနင်္လာနေ့က ပူးတွဲသဘောထားကြေညာချက်ကို မထောက်ခံသည့် တစ်ဦးတည်းသော ဥရောပသမဂ္ဂခေါင်းဆောင်မှာ အော်ဘန် ဖြစ်သည်။
Source: Reuters