ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ စျေးကွက်အတွင်း ကောက်ညှင်းဆန် ပြတ်လပ်နေပြီး မုန့်လုပ်သူများ အခက်အခဲဖြစ်နေကြောင်း မုန့်လုပ်ရောင်းသူများထံမှ သိရသည်။
ထိုးမုန့်၊ မုန့်ကုလားမဲ၊ ကောက်ညှင်းစေ့ စသည့် လက်လုပ်မုန့်အများစု ပြုလုပ်ရာတွင် အသုံးပြုသည့် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်ရောင်းသူအချို့ ရပ်နားထားပြီး အချို့မှာ လက်ကျန်ကောက်ညှင်းဆန်ဖြင့် ဆက်လက် ရောင်းနေကြကြောင်း ၎င်းတို့က ပြောသည်။
ရန်ကုန်ဘက်မှလာသည့် ကောက်ညှင်းဆန် ပြတ်နေခြင်းဖြစ်ပြီး ထားဝယ်ဒေသထွက် ကောက်ညှင်းဆန်မှာမူ စျေးကွက်အတွင်း မပြတ်လပ်သော်လည်း မုန့်လုပ်ရာတွင် အသုံးပြုပါက မုန့်အရည်အသွေးညံ့သဖြင့် အသုံးမပြုကြကြောင်း မုန့်လုပ်ရောင်းသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကောက်ညှင်းပြတ်နေတာက ရက် ၂၀ လောက်ရှိပြီ။ တချို့တွေလည်း မုန့်လုပ်တာ ရပ်ထားကြတယ်။ ကျွန်မတို့တော့ ကြိုဝယ်ထားတဲ့ လက်ကျန် ကောက်ညှင်း ရှိသလောက် လုပ်ရောင်းဦးမယ်။ အဲဒါကုန်တဲ့အထိ ကောက်ညှင်း ပြန်မရောက် လာရင်တော့ ရပ်ချင်ရပ်ရလိမ့်မယ်။ မုန့်စျေးတွေက ပုံမှန်ပဲထားထားသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
ကောက်ညှင်းဆန် မပြတ်လပ်မီက ကောက်ညှင်း တစ်ပြည်နှုန်းစျေး ကျပ်တစ်သောင်းအောက်တွင်သာရှိပြီး လက်ရှိတွင်မူ ကျပ်နှစ်သောင်း ဝန်းကျင်ဖြင့် ပေးဝယ်သော်လည်း ဝယ်မရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဆန်ကုန်သည်များအသင်းက ရန်ကုန်ဘက်မှတင်သွင်း ဆန်များကို သယ်ယူခြင်းကို ဇူလိုင်လနောက်ဆုံးအပတ်ကစ၍ ယာယီရပ်နားထားသဖြင့် ကောက်ညှင်းဆန် အပါအဝင် ရန်ကုန်ဘက်မှလာသည့်ဆန်များ စျေးကွက်အတွင်း ပြတ်လပ်နေဆဲကြောင်း ထားဝယ်မြို့ခံ ဆန်ရောင်းဝယ်ရေးပြုလုပ်သူတစ်ဦးက ဆိုသည်။
“ကလိန်အောင်မှာ ဆန်အိတ်တွေသိမ်းခံရပြီးကတည်းက ဆန်ကုန်သည်များအသင်းက ဆန်ကို ကုန်းလမ်းက သယ်ဖို့ ယာယီရပ်နားလိုက်တယ်။ အဆုံးအရှုံးများလို့ ရပ်နားလိုက်တာ။ ရေလမ်းက ပြန်သယ်ဖို့ လုပ်တာလည်း အဆင်မပြေဘူး။ ကုန်လမ်းကပဲ ပြန်သယ်ရဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ အခုအထိတော့ ပြန်သယ်လို့မရသေးဘူး” ဟု ၎င်းက ပြောသည်။
ဇူလိုင်လတတိယအပတ်အတွင်း ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းတွင် ရန်ကုန်ဘက်မှ ၁၂ဘီးတွဲကားနှစ်စီးဖြင့် တင်ဆောင်လာသည့် ဆန်အိတ်များကို စစ်အာဏာရှင်တပ်နှင့် ဆက်စပ်သည်ဟုဆိုကာ တော်လှန်ရေးအင်အားစုများက သိမ်းဆည်းခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ယင်းလမ်းပိုင်းရှိ ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီနဲ့ ဆက်စပ်တယ်လို့ စစ်ဆေးပေါ်ပေါက်လို့ သိမ်းလိုက်တာမှန်ပါတယ်။ အားလုံးကို တစ်နေရာမှာ သေချာ သိမ်းဆည်းထားပါတယ်။ ပြည်သူလူထုကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာတော့မဟုတ်ဘူး။ စစ်ကောင်စီနဲ့ ဆက်စပ်နေလို့သိမ်းတာပါ။ စစ်ကောင်စီနဲ့ မဆက်စပ်တဲ့ ကားတွေကိုတော့ သွားလာခွင့်ပြုထားပါတယ်” ဟု တော်လှန်ရေး အင်အားစုတွင်ပါဝင်သော တပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဇူလိုင်လနောက်ဆုံးအပတ်တွင် ပြောဆိုထားသည်။
ယင်းဆန်များသည် ဆန်ကုန်သည်များအသင်းက တင်ဆောင်လာသည့် ဆန်များဖြစ်သည်ဟု သိရပြီး မည်သူမည်ဝါက တင်သွင်းလာသည်နှင့် စစ်အာဏာရှင်တပ်နှင့် ဆက်စပ်မှု ရှိမရှိကိုမူ အသေးစိတ်မသိရကြောင်း ထားဝယ်မြို့ခံ ဆန်အရောင်းအဝယ် ပြုလုပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ယင်းနောက် ထားဝယ်စျေးကွက်တွင် လတ်တလော၌ ကောက်ညှင်းဆန်အပြင် ရန်ကုန်မှ တင်သွင်းသည့် ဆန်များအားလုံးနီးပါးပြတ်လပ်နေကြောင်း ဆန်ရောင်းဝယ်သူများ နှင့် စားသုံးသူများထံမှ သိရသည်။
ယင်းအပြင် ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသော မြို့များနှင့် ကျေးလက်ဒေသများသို့ ဆန်သယ်ယူခွင့်ကိုလည်း စစ်အာဏာရှင်တပ်က ကန့်သတ်ပိတ်ဆို့ထားသည်။