BREAKING
October 20, 2025

ISIS အဖွဲ့နှင့် ဆက်စပ်မှုရှိမရှိ မလေးရှားအစိုးရက ကျောင်းသားများကို စောင့်ကြည့်နေ

July 13, 2025

ပုံစာ - မလေးရှားအဆင့်မြင့်ပညာရေးဝန်ကြီး Datuk Seri Zambry Abd Kadir ။ ဓာတ်ပုံ - Bernama

မလေးရှားနိုင်ငံ တက္ကသိုလ်၊ ကောလိပ်များရှိ ကျောင်းသားများ ISIS အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သည့် လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်နေခြင်းရှိမရှိကို စောင့်ကြည့်နေကြောင်း မလေးရှားအဆင့်မြင့် ပညာရေးဝန်ကြီး၏ ပြောဆိုမှုကို အစိုးရပိုင် Bernama သတင်းဌာနက ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖော်ပြသည်။

ISIS အကြမ်းဖက်အဖွဲ့၏ အစွန်းရောက်အတွေးအခေါ်အပေါ် အခြေခံသည့် လက်နက်ကိုင်လှုပ်ရှားမှုများနှင့် ဆက်စပ်သည့် လှုပ်ရှားမှုတိုင်းကို သတိထားစောင့်ကြည့်နေကြောင်း မလေးရှားအဆင့်မြင့်ပညာရေးဝန်ကြီး Datuk Seri Zambry Abd Kadir က သတင်းထောက်များကို ပြောကြားခဲ့သည်။

မကြာသေးမီက မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃၆ ဦးအပါအဝင် ISIS အဖွဲ့နှင့် ဆက်စပ်သည့် ကွန်ရက်တစ်ခုကို ဖြိုခွင်းဖမ်းဆီးခဲ့ပြီးနောက် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။

“လက်ရှိအခြေအနေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ၊ အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ တောက်လျှောက်စောင့်ကြည့်နေပါတယ်။ ဒီလိုမျိုး အစွန်းရောက်အတွေးအခေါ်တွေ ပြည်တွင်းကနေ စတင်ပျံ့နှံ့လာတာပဲ ဖြစ်ဖြစ်၊ ပြည်ပကနေ စတင်ပျံ့နှံ့လာတာပဲဖြစ်ဖြစ် ကျွန်တော်တို့ တားဆီးနိုင်ဖို့အတွက် စောင့်ကြည့်နေပါတယ်။ မလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုက အမြဲတမ်းဆိုသလို အားကောင်းထိရောက်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က ဖမ်းဆီးခံရသူများအနက်မှ အချို့ကို ၎င်းတို့၏မိခင်နိုင်ငံများထံ ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအကြား ISIS အဖွဲ့အတွက် ဝါဒဖြန့်ပေးကာ ရန်ပုံငွေရှာဖွေနေသည့် ကွန်ရက်တစ်ခုကို ဖြိုခွင်းနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် အလုပ်သမားအားလုံးသည် မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းခွင်များတွင် လုပ်ကိုင်ရန် လာရောက်ကြသူများဖြစ်ကြောင်း မလေးရှား အာဏာပိုင်များက ဆိုသည်။

အဆိုပါ ကွန်ရက်က မလေးရှားနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို ဦးတည်ပစ်မှတ်ထားကာ အဖွဲ့ဝင်သစ်စုဆောင်းရန် ကြိုးစားနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ကွန်ရက်က ရလာသည့် ရန်ပုံငွေများကို ဆီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ISIS အဖွဲ့ထံ e-wallet မှ တစ်ဆင့် ငွေလွှဲပေးပို့နေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ကွန်ရက်က ကောက်ယူရရှိထားသည့် ရန်ပုံငွေပမာဏကိုမူ မလေးရှားရဲတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။

Source: Bernama ၊ The Strait Times