မြိတ်ဒေသထွက် ဝက်အူချောင်းဈေးမှာ ၂ နှစ်တာကာလအတွင်း နှစ်ဆတက်လာကြောင်း ဝက်အူချောင်း ပြုလုပ်ရောင်းချနေသူအချို့ထံမှ သိရသည်။
၂၀၂၃ ခုနှစ်က ဝက်အူချောင်းတစ်ပိဿာလျှင် ကျပ် နှစ်သောင်းခွဲဝန်းကျင် ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ်ငါးသောင်း ဝန်းကျင် ဈေးပေါက်နေကြောင်း ၎င်းတို့ထံမှ သိရသည်။
“ဈေးတက်ရတဲ့ အဓိကအကြောင်းအရင်းက ကုန်ကြမ်းဈေးတက်လို့ပေါ့နော်။ ဝက်သားဈေးတွေ အရမ်းတက်တော့ ဝက်အူချောင်းဈေးလည်း တက်လာတယ်ရှင့်” ဟု မြိတ်ဒေသထွက် ဝက်အူချောင်းပြုလုပ်ရောင်းချနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။
ဝက်အူချောင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဝက်သား (အဆီနှင့် အသားရော) တစ်ပိဿာလျှင် ငွေကျပ် သုံးသောင်း ဝန်းကျင်ဖြင့် ဝယ်ရကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြိတ်ဒေသခံများက ဝက်အူချောင်းကို မှာယူစားသောက်ကြသည့်အတွက် ထိုင်းနိုင်ငံအထိ တင်ပို့ ရောင်းချနေကြောင်း မြိတ်မြို့ရှိ ဝက်အူချောင်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“မြိတ်ဘက်က ထွက်တဲ့ဝက်အူချောင်းတွေကို အထက် (တိုင်းပြင်ပ) မြို့ကြီးတွေနဲ့ အခုဆို ထိုင်းနိုင်ငံအထိပို့တယ်။ ဒေသတွင်း ရောင်းအားလည်း ပုံမှန်ရှိတယ်။ အခုဆို နိုင်ငံခြား (ထိုင်း) ဈေးကွက်တစ်ခုတိုးလာတာပေါ့နော်။ မြိတ်ကလူတွေ ထိုင်းဘက်သွားတာများလာတော့ အလွမ်းပြေမှာစားကြတာများတယ်” ဟု ၎င်းက ပြောဆိုသည်။
မြိတ်ဒေသထွက် ဝက်အူချောင်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် မောတောင်နယ်စပ်လမ်းကြောင်းနှင့် ကော့သောင်းဘက်မှ ရေလမ်းကြောင်းဖြင့် အဓိကတင်ပို့ရောင်းချကြသည်။
တနင်္သာရီတိုင်းတွင် ပုလောဒေသထွက် ပုလောဝက်အူချောင်း နှင့် မြိတ်ဒေသထွက် ဝက်အူချောင်းတို့ နာမည်ကြီးပြီး စားသုံးသူ များသည်။